အောက်တိုဘာ-၁၁၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
စစ်တောင်းမြစ်ဝှမ်းဒေသမှာစစ်ဆင်ရေးအရှိန်မြှင့်ဖို့ဗျူဟာအမှတ်(၁၉)ကို ဖွဲ့စည်းလိုက်တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ် ဗိုလ်လကျာ်က လူထုနွေဦးကို ပြောပါတယ်။
ဗျူဟာ(၁၉)အောက်မှာလက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ (၈၀၆၊ ၈၀၇၊၈၀၈၊၉၀၁)တပ်ရင်းတွေ ပါဝင်ပါတယ်။

“ဗျူဟာ(၁၉)ကိုစစ်ဆင်ရေးလိုအပ်ချက်အရ ဗျူဟာအလိုက် စစ်မျက်နှာသတ်မှတ်ပြီးစစ်ဆင်ရေးတွေဆောင်ရွက်ဖို့ ဖွဲ့လိုက်တာပါ၊ဗျူဟာ(၁၉) အနေနဲ့စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးတွေမှာ အဓိကပါဝင်ဆင်နွဲဖို့ရည်ရွယ်ပါတယ်”လို့ ဗိုလ်လကျာ်က ရှင်းပြပါတယ်။

Public Service Announcement
စစ်တောင်းမြစ်ဝှမ်းဒေသမှာ ပဲခူးတိုင်းထဲက ရွှေကျင်၊ကျောက်ကြီး၊ညောင်လေးပင်၊ကျောက်တံခါး၊ဖြူး၊ဝေါ၊ရေတာရှည်၊တောင်ငူ၊ထန်းတပင်၊အုတ်တွင်းနဲ့ မွန်ပြည်နယ်က ကျိုက်ထိုမြို့နယ်တွေပါဝင်ပါတယ်။
အရင်က နေပြည်တော်တိုင်းစစ်ဌာနမှာ ဗျူဟာအမှတ်(၁၇)နဲ့ (၁၈)ရှိထားပြီး တစ်ဗျူဟာကို တပ် ရင်း(၄)ရင်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
“စစ်မျက်နာ(၃)ခုမှာပေါ့နော်။ စစ်ဆင်ရေးဆောင်ရွက်ဖို့ရှိပါတယ်။ အဓိကကတော့အထွေထွေထိုးစစ်မှာဟန်ချက်ညီညီပါဝင်ဆောင်ရွက်နိုင်ဖို့ကြိုတင်ပြင်ဆင်နေတယ်လို့လဲ ပြောလို့ရပါတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်က ပြောပါတယ်။
ဗျူဟာ(၁၉)ဖွဲ့စည်းတာကို အောက်တိုဘာ ၉ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂)စစ်ဆင်ရေးနယ်မြေ မှာပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။


















































