အောက်တိုဘာ-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ နေ့တိုင်းနီးပါး ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၈ဦးထက်မနည်း သေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
TNLA ရဲ့ထုတ်ပြန်မှုတွေအရ မိုးကုတ်၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ် စတဲ့ TNLAထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ နမ္မတူနဲ့ သီပေါကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
မှတ်တမ်းတွေအရ ဒီလ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နမ္မတူ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ် လေကြောင်း တိုက်ခိုက်ခံရမှုတွေမှာ ကလေးငယ်တွေအပါအဝင် ပြည်သူတွေအစုလိုက် အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရတာပါ။

Public Service Announcement
အောက်တိုဘာ၁ရက်မှာစစ်ကောင်စီက မိုးကုတ်မြိုအနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ၂ရက်မှာနမ္မတူနဲ့မန်တုံမြို့ကိုစစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။နမ္မတူမြို၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီးရှိ ပြည်သူလူထုများ၏ နေအိမ်ကို လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးထိခိုက်မှုနဲ့ အပျက်အစီးတွေများခဲ့ပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုကို ဦးတည်ပြီး ပေါင် ၅၀၀ ဗုံးကြဲချခဲ့လို့ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း ၄ဦး သေဆုံးကာ ကလေးငယ် ၁ဦး အမျိုးသမီး ၂ဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂ရက်ညမှာလည်း သီပေါမြိုနယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို လေကြောင်း တိုက်ခိုက်ခဲ့လို့ ဟိုတယ် ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် သီပေါမြို့နယ် မန်ဟဲရွာ စစ်ကောင်စီ ရဲစခန်းဟောင်းကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာ ၄ရက်မှာ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ကလေးငယ် ၂ဦး သေဆုံးပြီး ကလေး ၆ဦး အပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၁၆)လုံးပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ တရက်တည်းမှာပဲ စစ်ကောင်စီဟာ သီပေါမြို့နယ် မန်ဟဲရွာကို ၁ကြိမ်၊ အုံမုရွာကို ၁ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာ ၄ရက်ညပိုင်းမှာ သီပေါကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၃)လုံးပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၆ရက်မှာ စစ်တပ်က နမ္မတူမြို့ထဲကို ဗုံးကြဲခဲ့လို့ နေအိမ် ၆လုံးပျက်စီးခဲ့ပါတယ်။အဲဒီနေ့မှာစစ်ကောင်စီကသီပေါမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ၃ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အောက်တိုဘာ ၇ရက်မှာ နမ္မတူကို လေကြောင်း ထပ်မံ တိုက်ခိုက်ခဲ့လို့ ပုဗ္ဗာရုံဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အောက်တိုဘာ ၇ရက်မှာ မိုင်းလုံမြို့ မန်ဟုန်းကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူတွေအစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ခဲ့ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်အရ အဲဒီတိုက်ခိုက်မှုမှာ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၅)ဦးနဲ့ ကလေးငယ် (၃)ဦး စုစုပေါင်း ၁၃ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၆လုံးလည်း ပျက်စီးခဲ့ရပါတယ်။
မိုင်းငေါ့မြို့ကိုလည်းစစ်ကောင်စီကအောက်တိုဘာ ၈ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသား (၁)ဦးနဲ့ အမျိုး သမီး (၁)ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ရဲစခန်းရှေ့ကို ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူလူထုနေအိမ် (၈) လုံး ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဟာအောက်တိုဘာ၉ရက်မှာမိုးမိတ်မြို့နယ်ကိုလည်း လေယာဉ်ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူလူထု အစုလိုက်သေဆုံးထိခိုက်ခဲ့ရပါတယ်။
မိုးမိတ်မြို့နယ် ဝဲဘောင်းရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ အမျိုးသား(၄)ဦး အမျိုးသမီး (၃)ဦး စုစုပေါင်း ၇ဦးသေဆုံးခဲ့ပြီး၊ပြည်သူလူထု (၈)ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၁၀လုံး ပျက်စီးခဲ့ပါတယ်။
နောက်တရက် အောက်တိုဘာ ၁၀ရက်မှာလည်း စစ်ကောင်စီဟာ မိုးမိတ်မြို့နယ်ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
မိုးမိတ်မြိုနယ်၊ အောင်မြေရွာအနီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိခဲ့ပါဘူး။အာဏာသိမ်းစစ်တပ်က ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ စစ်ရေးသတိရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေကို လိုက်နာဖို့လည်း TNLAက တိုက်တွန်းနှိုးဆော်ထားပါတယ်။






















































