အောက်တိုဘာ ၁၁၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
မန္တလေးမြို့ပေါ်မှာပေါ်တာဆွဲခံရတဲ့စစ်မှုထမ်းတပ်သားသစ်ကိုသွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ကယ်ထုတ်ခဲ့တဲ့ တပ်သားက စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)မှာ တာဝန်ကျနေတာဖြစ်ပြီ မနေ့က(အောက်တိုဘာ ၁၀ ရက်) တပ်မ(၃၃)က တပ်သားတစ်ဦး အလင်းဝင်ဖို့ ဆက်သွယ်လာလို့ စစ်ကိုင်းမြို့တနေရာမှာ သွားရောက်ခေါ်ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။
အခုနှစ် ဖေဖော်ဝါရီက မန္တလေးမြို့ပေါ်မှာ ပေါ်တာဆွဲ ခံရပြီးနောက် တောင်တွင်းကြီးမြို့ကို ပို့ခံခဲ့ရပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ တပ်မ(၃၃)ကို ပို့ဆောင်ခံခဲ့ရတာလို့ အသိပေးပါတယ်။

Public Service Announcement
“မန္တလေး ညဦးပိုင်းလေးမှာ အဆွဲခံရတာပါ။သူ့မိသားစုက လွတ်မြောက်နယ်မြေမှာ ရှိပါတယ်။သူ့မိသားစုစီ အပ်လိုက်တာပါ”လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက အလင်းဝင်တပ်သား အကြောင်းရှင်းပြပါတယ်။
အခု အလင်းဝင်တပ်သားသစ်အပါအဝင် စစ်ကောင်စီတပ်ကနေ ယူနီကွန်းပြောက်ကျားတပ်ဆီ အလင်းဝင်ခိုလှုံလာတဲ့ တပ်သားငါးဦးရှိတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း အမျိုးသမီးတွေထက် အမျိုးသားလူငယ်တွေက လုံခြုံရေးကို ပိုမိုစိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ်)က အောက်တိုဘာ ၁၀ရက်က ထုတ်ပြန်ပါတယ်။
လူငယ်သုံးပုံတစ်ပုံ(ငါးသန်းခန့်)က စစ်မှုထမ်းဥပဒေကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်လာပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထင်သလိုဖမ်းဆီးတာ၊ညအချိန်ဝင်ဖမ်းတာနဲ့ အဓမ္မ စုဆောင်းတာတွေ ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါတယ်။လူငယ် ၄၀ ရာခိုင်နှုန်းကျော်က ညဘက်မှာ တစ်ယောက်တည်းလမ်းလျှောက်ရင် “မလုံခြုံဘူး”၊”လုံးဝ မလုံခြုံဘူး”လို့ ဖြေဆိုပြီး စစ်တပ်အာဏာမသိမ်းခင်က နှုန်းထားထက် နှစ်ဆကျော်ပိုများတယ်လို့ UNDP က အသိပေးပါတယ်။
၂၀၂၄ဖေဖော်ဝါရီမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အပတ်စဥ်တစ်ခုမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားလူငယ် ငါးထောင်ကို စုဆောင်းခဲ့ပါတယ်။အခုဆိုရင် အပတ်စဥ်(၁၈)ကို စဖို့ စစ်အုပ်စုက ကြိုးပမ်းနေပါတယ်။


















































