အောက်တိုဘာ-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ် မတူပီမြို့ကို အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၀ရက် ည ၈နာရီခွဲမှာ မတူပီမြို့ပေါ်တနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ထိခိုက်တာတွေ ရှိတယ်လို့ ကြားတယ်။ များသလိုပဲ”လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မတူပီမြို့ကို အာရက္ခတပ်တော်(AA)နဲ့ ချင်းညီနောင် ပူးပေါင်းတပ်တွေက ၂၀၂၄ ဇွန်လမှ မြို့သိမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး သိမ်းပိုက်ထားတာဖြစ်ပါတယ်။ မြို့သိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက မတူပီမြို့ကို မကြာခဏလေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်လေ့ရှိပြီး သတင်းထုတ်ပြန်မှု နည်းပါးတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
မတူပီမြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာ AA အဖွဲ့ဝင်တွေ ထိခိုက်မှုရှိ၊မရှိနဲ့ပတ်သက်ပြီး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခဆီကို ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကောင်စီဟာ ချင်းညီနောင် မဟာမိတ်တပ်တွေ သိမ်းထားတဲ့ မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှု ပိုမိုပြုလုပ်တာကိုတွေ့ရတယ်လို့လည်း ပြောပါတယ်။ အခုလအတွင်းမှာ မင်းတပ်ကို လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ထားပြီး ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်တာတွေရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်အပါအဝင် သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေက မြို့ရွာတွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေမကြာခဏ ရှိနေပါတယ်။
အာရက္ခတပ်တော်(AA)ကလည်း စစ်ကောင်စီက အရပ်သားတွေကို ပိုပစ်မှတ်ထားလာလို့ စစ်ရေးသတိရှိဖို့၊ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်ကို ပိုဂရုစိုက်ဖို့ နှိုးဆော်ထားပါတယ်။


















































