အောက်တိုဘာ-၁၂၊၂၀၂၅။ဇေအောင်/People’s Spring
ချောင်းဦးဆီမီးထွန်းပွဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသရာမှာ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာအကူအညီတွေ များစွာလိုအပ်နေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ တာဝန်ရှိသူကပြောပါတယ်။
သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်၊ ဘုံတိုရွာကို စစ်တပ်ကဗုံးကြဲလို့ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသရာမှာ စစ်ကောင်စီကဆေးဝါးတွေကို ပိုမိုတင်းကြပ်ထားတဲ့အတွက် အခက်အခဲတွေရှိနေကြောင်း ကူညီနေသူတချို့က ပြောပါတယ်။
“စစ်ကိုင်းတိုင်းထဲမှာ ဆေးဝါးပိတ်ဆို့မှုလုပ်တာကတော့ ကြာပါပြီ။ အခုသီတင်းကျွတ်လပြည့်နေ့ကိစ္စနဲ့ပတ်သက်လာတော့ ပိုပြီးတင်းကြပ်လာတာပေါ့နော်။ထိခိုက်ဒဏ်ရာရပြည်သူတွေအတွက်ကတော့ ရတဲ့နည်းနဲ့ မဖြစ်ဖြစ်အောင်ကုသပေးလျက်ရှိပါတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။”လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့ကြောင့် လက်ရှိထိခိုက်သူတွေအတွက်ဆေးဝါးလိုအပ်ချက်တွေအများကြီးရှိနေပြီးပြင်းထန်လူနာနဲ့ ထိခိုက်သူ အရေအတွက်များပြားနေတဲ့အတွက် ဆေးဝါးနဲ ဆေးဘက်ဆိုင်ရာ အကူအညီတွေ များစွာ လိုအပ်နေတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
“ဆေးပစ္စည်းတွေကလွယ်လွယ်လည်းဝယ်မရဘူး။ ရတော့လည်းနည်းနည်းချင်းနဲ့စျေးတွေလည်းတအားကြီးတယ်”လို့ကူညီနေသူချောင်းဦးဒေသခံတဦးက ပြောပါတယ်။
လက်ရှိ သေဆုံးသူအရေအတွက်မှာ ၂၄ ဦးရှိပြီဖြစ်ပြီး ကျန်ပြည်သူများမှာလည်း အပြင်းအ ထန်ကုသနေရကြောင်းဒေသခံများကပြောပါတယ်။
ထိခိုက်ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ဝင် ချောင်းဦးမြို့နယ်တာဝန်ခံ ဆေးအဖွဲ့ကလည်း ကုသပေးလျက်ရှိပြီး ကွန်ရက်မှ ဆေးဝါးများ၊ ဆေးဖက်သုံးပစ္စည်းများနဲ့ ရိက္ခာများ ကျပ် ၂၂,၅၅၂,၅၀၀ ဖိုး မျှဝေကူညီခဲ့တယ်လို့ သတင်းရရှိပါတယ်။
လတ်တလောမှာ ဒဏ်ရာရရှိသူတွေအတွက် အဓိကလိုအပ်နေတဲ့အကူအညီတွေက ဆေးဝါး၊ လူနာဖြည့်စွက်စာ ၊စားနပ်ရိက္ခာတွေလို့အပ်နေပါတယ်။ပြည်သူတွေအနေနဲ့ကူညီချင်တယ်ဆိုရင်စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာ https://www.facebook.com/profile.php?id=100094422409494
ကနေတဆင့်ဆက်သွယ်ကူညီနိူင်တယ်လို့သိရပါတယ်။


















































