အောက်တိုဘာ-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုကို အကြမ်းဖက်မှု လုပ်ရပ်တွေကို ဖိဖိစီးစီးလုပ်ဆောင်နေတာကြောင့် ပြည်သူ့ဘက် ရပ်တည်သူတွေအနေနဲ့လည်း အလုပ်ကို ပိုကြိုးစားဖို့ ဇွဲမလျှော့ဖို့လိုအပ်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျ သဘာပတိ ၊ ချင်းညီနောင်အဖွဲ့ဝင် ZFU/PDF ဇိုလဲန်း ဒုဥက္ကဋ္ဌ ဒေါက်တာကင်တန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်က ကျင်းပခဲ့တဲ့ ချင်းညီနောင်အတွက် ရံပုံငွေရှာဖွေမှုမှာ ဒေါက်တာကင်တန်က အဖွင့်အမှာစကား ပြောကြားရာမှာ ချင်းပြည်နယ် မင်းတပ်နဲ့ မတူပီ အပါအဝင် နိုင်ငံတဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို မီးမောင်းထိုး ပြောပြခဲ့ပြီး တော်လှန်ရေးဘက်တော်သားတွေ ဇွဲမလျှော့ဘဲ အလုပ်ပိုကြိုးစားဖို့ တိုက်တွန်းခဲ့တာပါ။
“အဓမ္မဘက်ကနေ သူတို့ အလုပ်တွေ ဖိဖိစီးစီးလုပ်တယ်ဆို ကျနော်တို့ ဓမ္မဘက်က သူတွေ ပြည်သူတွေနဲ့ ရပ်တည်တဲ့သူတွေ ပြည်သူတွေကို ပံ့ပိုးတဲ့သူတွေအနေနဲ့ ပိုပြီးတော့ကြိုးစားဖို့လိုလာတယ်။ မတရားသတ်ဖြတ်မှုတွေ အထူးသဖြင့် ကလေးသူငယ်တွေ စာသင်ကျောင်းတွေ ရွာတွေ မီးရှို့ဖျက်ဆီးတာတွေ ဗုံးကြဲတာတွေ မရပ်တဲ့အပြင် ပိုပြီး ဆိုးရွားသထက်ဆိုးရွားလာတဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ဇွဲရှိဖို့လိုလာတယ်။ ပိုပြီးတော့ အားစိုက်ဖို့ လိုလာတယ်” လို့ဒေါက်တာကင်တန်က ပြောပါတယ်။

Public Service Announcement
တော်လှန်ရေးအလုပ်ကို အမှန်တကယ် လုပ်ဆောင်ပါက စည်းလုံးမှုလည်း တကူးတကလုပ်စရာမလိုဘဲ စည်းလုံးပြီးဖြစ်မယ်လို့လည်း သူက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
သီတင်းကျွတ်ကာလဟာ မိဘဆွေမျိုးများ ဆုံစည်းပြီး ပျော်စရာ အချိန်ကာလဖြစ်သော်လည်း စစ်ကောင်စီရဲ့ ပြည်သူကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရင်လို ပျော်၍မရဘဲ ဝမ်းနည်းစရာတွေ ကြုံတွေ့နေရကြောင်းလည်း ရံပုံငွေ ရှာဖွေပွဲ အခမ်းအနားမှူးက ပြောပါတယ်။
စစ်ကောင်စီဟာ မင်းတပ်မှာ ကလေးငယ်တွေရဲ့ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး ဗုံးကြဲခဲ့လို့ ကလေးငယ်တွေ သေဆုံးထိခိုက်ခဲ့ရကြောင်း ပြောပြပါတယ်။
“ဒီလိုမျိုး ဝမ်းနည်းကြေကွဲခြင်းတွေနဲ့အတူ ကျမတို့ စိတ်ပျက်အားလျော့ပြီး ကျမတို့ ဘာမှ မလုပ်ဘူးဆိုပြီး ဒီအတိုင်းနေလို့မရဘူး”လို့လည်း အခမ်းအနားမှူး အမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီဟာ ချင်းညီနောင် သိမ်းပိုက်ထားတဲ့ မင်းတပ်၊ မတူပီကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သလို ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်း စစ်ဆင်ရေး ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူ အစုလိုက် အပြုံလိုက်သေဆုံးထိခိုက်တာတွေရှိခဲ့ပါတယ်။
















































