■စည်းကမ်းချိုးဖောက်တဲ့စတားလင့်အင်တာနက်စက်ပိုင်ရှင်ကိုလည်းအရေးယူမယ်လို့အသိပေး
■အချင်းများမှုမှာ နှစ်ဘက်စလုံးပူးပေါင်းဆောင်ရွက်မှုလိုအပ်ချက်ရှိခဲ့သလို၊ အားနည်းချက်တွေရှိခဲ့တယ်လို့ ပြည်သူအချို့မှတ်ချက်ပြု
အောက်တိုဘာ-၁၂၊၂၀၂၅။မိုမို/People’s Spring
လူထုအပေါ် ဆက်ဆံပြုမှုရမယ့် စည်းကမ်းကျင့်ဝတ်တွေချိုးဖောက်ခဲ့တဲ့ရဲဘော်တွေကို ထိထိရောက်ရောက်သတိပေး၊ အရေးယူမယ်လို့စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒါ့အပြင် စည်းကမ်းချိုးဖောက်တဲ့ စတားလင့် အင်တာနက် စက်ပိုင်ရှင်ကိုလည်း ထုတ်ပြန်ချမှတ်ထားတဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်း အရေးယူမယ်လို့ ဆိုပါတယ်။
“ စတားလင့် စက်ပိုင်ရှင်ဘက်ကိုတော့ စည်းမျဥ်းစည်း ကမ်းချိုးဖောက်မှုနဲ့သက်ဆိုင်တဲ့ ကဏ္ဍကိုပဲ အရေးယူသွားဖို့ရှိပြီးတော့ ဗီဒီယို ဖိုင်ထဲက ဖြစ်စဥ် ပေါ် မှာတော့ သီး ခြားအရေးယူသွားဖို့ မရှိပါဘူး၊ရဲဘော်တွေကိုတော့ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေနဲ့ အရေးယူသွားမှာပါ” လို့ စဥ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။
“ လက်ရှိ မြို့နယ်ရဲ့ အုပ်ချုပ်ရေး ယန္တယားကလည်း ပြည်သူ့အုပ်ချုပ်ရေး ယန္တရား အ ပြည့်အဝ အ ကောင်အထည်ဖော်နိုင်သေးတာမဟုတ်ဘဲ စစ်ဘက် အရပ်ဘက် တွဲ အုပ်ချုပ်ရတဲ့အခါ တချို့ သော ကိစ္စ တွေမှာ စစ်ဘက်ဆိုင်ရာ စည်းကမ်းတွေ ကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်တဲ့ကိစ္စလေးတွေမှာ လူထုနဲ့ မကြာခဏ ပွတ်တိုက်ပြဿနာတက်ရတာရှိပါတယ်။ဒီလိုမျိုးပြဿနာတွေ နည်းပါးသထက် နည်းပါးအောင် ကြိုးစားသွားပါမယ်၊ဒေသတွင်း မှာနေကြတဲ့ ပြည်သူလူထုဘက်ကလည်း အရေးပေါ် အုပ်ချုပ်ရေး က ထုတ် ပြန်တဲ့ စည်းမျဥ်းစည်းကမ်းကို တိတိကျကျ လိုက်နာပေးကြဖို့ “ သူက ဆက်ပြောပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ရဲဘော်တွေနဲ့ ပြည်သူအချို့ အချင်းများခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က သတင်းရရှိချက်အရ စဥ့်ကူးမြို့နယ် ကျေးရွာတစ်ရွာမှာ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ အသုံးပြုတဲ့ စတားလင့် အင်တာနက်ကို သိမ်းဆည်းဖို့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ပူးပေါင်းအင်အား ငါးဦးကသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်စတားလင့်အင်တာနက် ပိုင်ရှင်က တာဝန်ရှိသူ လာရောက်သိမ်းဆည်းမှ လက်ခံမယ်လို့ ပြန်လည်ပြောဆိုလို့ မွန်းလွဲ ၃ နာရီမှာအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်နဲ့ တာဝန် ရှိသူတစ်ဦး၊ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦး ထပ်မံသွားရောက်ခဲ့ပါတယ် ။အဲလိုသွားရောက်စဥ်မှာ ရဲဘော်တွေနဲ့ ပြည်သူတွေ အချင်းများခဲ့ပြီး ၊ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကို အောက်တိုဘာ ၁၂ ရက်နေ့မှာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာတွေ့ရပါတယ် ။
လေ့လာချက်အရ တာဝန်ကျရဲဘော်တွေအနေနဲ့ ကနဦး ကောင်းမွန်စွာရှင်းပြပြီး ပြဿနာမဖြစ်ပွားရေး ဦးတည်ဆောင်ရွက်ခဲ့တာ တွေ့ရတယ်လို့ စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ကဖော်ပြထားပါတယ်။
ဒါပေမယ့် ဖြစ်စဥ်နောက်ပိုင်းမှာ ရဲဘော်တွေအနေနဲ့ ပြည်သူလူထုအပေါ် ပြုမှုဆက်ဆံရမယ့်စည်းကမ်းနဲ့ကျင့်ဝတ်ကို ချိုးဖောက်ပြီး စိတ်လိုက်မာန်ပါ တုံ့ပြန်ခဲ့တာကို စိတ်မကောင်းစွာ တွေ့ရတယ်လို့ အသိပေးပါတယ်။
ရုပ်သံဖိုင်မှာ စတားလင့်အင်တာနက်ကို ဆိုင်ဖွင့်ထားလို့ တားမြစ်ထားတဲ့ စည်ကမ်းချိုးဖောက်တယ်ဆိုပြီး အရေးယူဖို့အိမ်ကိုလာခေါ်တာမှာ ၊ပြည်သူတွေက စခန်းလိုက်ရမှာကြောက်လို့မလိုက်ချင်ကြောင်း၊ ပြစ်မှုကျူးလွန်ထားတာမရှိလို့ အကြမ်းမဖက်ဖို့ အနိုင်မကျင့်ဖို့ပြောတာကိုတွေ့ရပါတယ် ။ရဲဘော်တွေကလည်းအချင်းချင်းပြန်ထိန်းပြီး ရဲဘော် ၂ ဦးကပဲ တာဝန်ရှိသူနဲ့စခန်းမှာရှင်းမယ်ဆိုပြီးထပ်ခါထပ်ခါခေါ်သလို ၊အိမ်ရှင်ကလည်း ပြည်သူတွေက အကုန်လုံးကိုကြောက်နေရတယ်ဟု တစ်ဖက်နဲ့တဖက် မနားတမ်းပြောရင်းအချင်းများခဲ့တာကိုတွေ့ရပါတယ်။PDF တချို့လိုက်ပါလာကြပေမယ့် စကားများကြချိန်မှာ ပါဝင်တာမတွေ့ရသလို ၊ရဲဘော်တွေက လက်နက်ထုတ်ပြတာမျိုးမတွေ့ရပါဘူး။
စစ်တပ်ကအရပ်သားပြည်သူတွေကိုပါ ဒီနှစ်ထဲမှာပစ်မှတ်ထားဗုံးကြဲသတ်ဖြတ်တာတွေပိုလုပ်လာပြီးတဲ့နောက် တော်လှန်ရေးထိန်းချုပ်တွေမှာ အင်တာနက်အသုံးပြုခွင့်ကန့်သတ်လေ့ရှိပါတယ်။စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ကလည်းအလားတူကန့်သတ်ထားတယ်လို့သိရပါတယ်။
အထက်ပါ အချင်းများမှုရုပ်သံဖိုင် ပျံ့နှံခဲ့ပြီးနောက် လူမှုကွန်ယက်မှုလည်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ PDF တွေက စစ်တပ်လို အာဏာပြတယ်ဆိုပြီး ဝေဖန်မှုတွေရှိပါတယ်။ အလားတူ အချင်းများတဲ့ ပြည်သူတွေကိုလည်း စစ်တပ်ဆိုရင် အခုလို ဆက်ဆံမှာ မဟုတ်ပဲ PDF တွေ ၊လူငယ်ရဲဘော်တွေကိုကြ လေးလေးစားစားမဆက်ဆံပဲ အကြမ်းဖက်ခံရတယ်၊အနိုင်ကျင့်ခံရတယ်ဆိုပြီး တစ်ခွန်းမခံရန်တွေ့တယ်ဆိုပြီး ဝေဖန်မှုတွေလည်းရှိပါတယ်။
“ ပြည်သူအိမ်ကိုဒီလိုမတရားဝင်ရောက်ဖမ်းဆီးအကြမ်းဖက်လို့ရတာလား” လို့အထက်ပါရုပ်သံမှတ်တမ်းကိုကြည့်ပြီး ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။
“ အကြမ်းဖက်လို့ပြောရအောင်ကလက်နက်နဲ့ခြိမ်းခြောက်တာလား။သောင်းကျန်းတာလား။တကယ် အကြမ်းဖက် စကစ ဆိုရင်ဒီလိုတွေလက်ညိုးထိုးပြီး ပြန်ပြောနိုင်မှာတောင် မဟုတ်ဘူးနော်။ ပြည်သူ့ဘက်တော်သားတွေမို့ပါးစပ်နဲ့ပြောနေတာလို့ပဲ မြင်ပါတယ်” လို့ပြည်သူ တဦးကသူအမြင်ကိုမှတ်ချက်ပြုပါတယ် ။
အခြားပြည်သူတဦးက” စစ်ရေးဆိုတဲ့ခေါင်းစဥ်နဲ့ Wifi ပိတ်ခိုင်းတာကို အခကြေးငွေနဲ့ လုပ်တာကို ညှိတာဖြစ်ပါမယ်၊ MDY PDF ကလည်း တာဝန်အရဆိုပြီး ဒေါသပါတာကတော့ ကြည့်မကောင်းပါ၊ ပြည်သူနဲ့ဆက်ဆံတာကို ပိုပြီးစကားပြောတတ်တဲ့သူကိုသုံးသင့် “ လို့မှတ်ချက်ပြုပါတယ်။
“ နှစ်ဖက်စလုံးမှားတယ်သေချာရှင်းကြရမှာလေ။ တစ်ဖက်ကလဲ(ပြည်သူ)ရှင်းပြတာလက်မခံ ဟိုကလည်း(တော်လှန်ရေးရဲဘော်တွေကလည်း) ဒေါသထွက်” လို့သူထင်မြင်ချက်ကိုရေးပါတယ်။
စဥ့်ကူးမြို့နယ်တွင်းမှာ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်တာတွေမှာ သတင်းပေါက်ကြားမှုတွေရှိနေတဲ့အပြင် လေကြောင်းတိုက်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်နေတာကြောင့် ၂၀၂၅ခုနှစ် မတ်လ ၁၆ ရက်ကစပြီး စတားလင့်အသုံးပြုမှုကို စည်းမျဥ်းစည်းကမ်းညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ထားတာကြောင့် ဒေသခံတွေအနေနဲ့စတားလင့်အင်တာနက်ကို အသုံးပြုနေရတာ ဖြစ်ပါတယ်။နယ်မြေလုံခြုံရေးကြောင့် အိမ်သုံးသီးသန့်ကိုပဲ ခွင့်ပြုပြီး လိုင်းခွဲအသုံးပြုတဲ့(Public Use)ကို အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားပါတယ်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက်က မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနယ်အတွင်းက နယ်မြေတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ဒါအပြင် ကျောင်းတွေ ၊ဘုန်ကြီးကျောင်းတွေ ၊ဈေးတွေ ၊ဌာနဆိုင်ရာရုံးတွေ စတဲ့ လူစည်ကားလေ့ရှိတဲ့နေရာတွေကိုပါ စစ်တပ်က ပစ်မှတ်ထားဗုံးကြဲတာကြောင့် ၂၀၂၅ ခုနှစ်ထဲမှာပဲ စဥ်ကူးမြို့နယ်မှာသေဆုံးဒဏ်ရာရသူ ရာနဲ့ချီရှိနေပြီဖြစ်ပါတယ်။


















































