Connect with us

Hi, what are you looking for?

သတင်း

သီပေါကို ဦးတည်နေတဲ့ စစ်တပ်ကို TNLA ပိတ်ဆို့တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် သီပေါမြို့ဆီဦးတည် စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ လွယ်ခေါ်ရွာကနေ မကျော်နိုင်သေးဘဲ တအာင််းတပ်မတော်(TNLA)ကဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

တအာင်းတပ်မတော်(TNLA)က ရဲဘော်တွေကို ၂၀၂၃က တွေ့ရစဉ်။ ဓာတ်ပုံ - အေအပ်ပီ

အောက်တိုဘာ-၁၂၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် သီပေါမြို့ဆီဦးတည် စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ လွယ်ခေါ်ရွာကနေ မကျော်နိုင်သေးဘဲ တအာင််းတပ်မတော်(TNLA)ကဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

ကျောက်မဲမြို့ကို အောက်တိုဘာ၁ရက်ကထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းအချို့ဟာ ကျောက်မဲမြို့နယ်ထဲက လွယ်ခေါ်ကျေးရွာကို အောက်တိုဘာ ၅ရက်ကတည်းက ‌ရောက်လာပြီး တိုက်ပွဲတွေဖြစ်နေတာလို့ သိရပါတယ်။

“ ရွာအနားမှာတိုက်ပွဲက။စစ်တပ်ကလွယ်ခေါ်ကိုမကျော်နိုင်တာ” လို့ ကျောက်မဲဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လွယ်ခေါ်ရွာဟာကျောက်မဲမြို့နယ်ထဲမှာရှိပြီး သီပေါမြို့နဲ့ ဆက်စပ်နေပါတယ်။ ဒေသခံအများစုဟာ လားရှိုးမြို့ကို တိမ်းရှောင်နေကြပြီး ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာလည်း သွားရောက်နေထိုင်သူတွေရှိနေပါတယ်။

စစ်ကောင်စီတပ်က လွယ်ခေါ်ရွာနဲ့ အနီးဝန်းကျင်နေရာတွေကိုလေကြောင်းကနေ မကြာခဏတိုက်ခိုက်နေပါတယ်။မနေ့ကလည်း ကျောက်မဲမြို့နယ်တော့ဆန်ရွာနဲ့ မိုင်းလုံမျိုးကို လေကြောင်း ကနေ ဗုံးကြဲခဲ့ပါတယ်။

“ ကျနော်တို့သိရတဲ့သတင်းတွေအရ စစ်ကောင်စီက သီပေါကို လာဖို့ ကြိုးစားနေတာ။သူတို့စိတ်ထင်တဲ့နေရာတွေကို လေကြောင်းကလည်းမကြာခဏ ဗုံးကြဲနေတော့ တော်ရုံတန်ရုံနေလို့မကောင်းတော့ဘူး” လို့ သီပေါမြို့ခံတစ်ဦးကပြောပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့နယ်ထဲက ကျေးရွာတချို့မှာ TNLA တပ်ဖွဲ့ဝင်တွေရှိနေလို့ လွတ်လွတ်လပ်လပ်ဗုံးကြဲဖို့ စစ်ကောင်စီဝါဒဖြန့်ချိရေးသမားတွေက လူမှုကွန်ရက်ပေါ်မှာရေးသား လှုံ့ဆော်နေကြပါတယ်။

အရပ်သားတွေရှိနေတဲ့ လွယ်ခေါ်ရွာကို အောက်တိုဘာ၅ရက်ညနေမှာ Y12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ကျော်ကြဲလို့ ဒေသခံနှစ်ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

TNLAဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။ ၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။

အောက်တိုဘာလဆန်းမှာကျောက်မဲမြို့ကိုလည်းထပ်မံလက်လွှတ်လိုက်ရပြီး လက်ရှိမှာလည်း သီပေါမြို့ကိုဦးတည်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်နေရပါတယ်။

TNLAအနေနဲ့မဟာမိတ်တွေနဲ့ဆက်ဆံရေးကောင်းတည်ဆောက်ပြီး စစ်ကောင်စီကိုတိုးမြင့်တိုက်ခိုက်ဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက တိုက်တွန်းနေပါတယ်။

နောင်ချိုနဲ့ကျောက်မဲပြန်လည်လက်လွတ်လိုက်ရတာကို သင်ခန်းစာယူအဖြေရှာနေပြီး စစ်ကောင်စီကိုတန်ပြန်တိုက်ခိုက်ဖို့အတွက်တော်လှန်‌ရေးမဟာမိတ်တပ်တွေကိုလည်း ဖိတ်ခေါ်ကမ်းလှမ်းထားတယ်လို့ TNLA က ပြောကြားထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်နေပါတယ်။အောက်တိုဘာ ၁ရက်ကနေ ဒီနေ့ (အောက်တိုဘာလ၁၂ရက်) ကြားမှာမိုးကုတ်၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ နန့်ဆန်၊ မိုးမိတ်၊ မိုင်းလုံ၊ သီပေါမြို့တွေကို စစ်ကောင်စီကဗုံးကြဲလို့ အရပ်သား ၂၈ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ