အောက်တိုဘာ-၁၂၊ ၂၀၂၅။ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်က မိုင်းလုံမြို့ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၂ရက် ညနေပိုင်းမှာ စစ်ကောင်စီက မိုင်းလုံမြို့က လည်ကြီးရွာနဲ့ ပစီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၄လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်တပ်က အောက်တိုဘာ ၇ ရက်နေ့က မိုင်းလုံမြို့နယ်၊နမ့်ခုမ်အုပ်စု ၊မန်ဟုန်ရွာကို တိုက်လေယာဥ်နဲ့ ဗုံး ၂ လုံးကြဲပြီး လက်နက်ကြီးနဲ့ထပ်ပစ်ခဲ့တာကြောင့် ကလေးငယ် ၃ ဦး ၊အမျိုးသမီး ၅ ဦး အမျိုးသား ၅ ဦး စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ပါတယ်။ ဒါအပြင် ၁ ဦး ဒဏ်ရာရရပြီး အိမ် ၆ လုံးပျက်စီးခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။

Public Service Announcement
အလားတူ အောက်တိုဘာ ၁၁ ရက်နေ့ကလည်းမိုင်းလုံမြို့နယ် ၊ဆန်ရွာမ ကျေးရွာကို ပေါင်း ၂၅၀ ဗုံး ၂ လုံးကြဲချခဲ့တဲ့အတွက် ဘုန်ကြီးကျောင်းနဲ့နေအိမ် တချို့ပျက်စီးခဲ့ပါသေးတယ် ။
စစ်ကောင်စီဟာ မိုင်းလုံမြို့အပါအဝင် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေ
ကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာပါ။
အခု အောက်တိုဘာအတွင်း မိုင်းလုံ၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုင်းငေါ့၊ သီပေါ စတဲ့ TNLA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃၀ လောက်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေလိုက်နာဆောင်ရွက်ဖို့ TNLAက နှိုးဆော်ထားပါတယ်။
စစ်ကောင်စီဟာ တအာင်းဒေသကိုသာမက နိူင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ နေရာတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး ပြည်သူအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်းလည်း TNLAက ထုတ်ပြန်ပါတယ်။


















































