အောက်တိုဘာ -၁၂ ၊၂၀၂၅။မိုမို/People’s Spring
မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ် ကြပ်ကြီး နဲ့ ဒုတပ်ကြပ်တွေကိုသေနတ် ၁ လက်၊ဗုံး ၁ လုံးနဲ့အတူ အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဖမ်းမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေက ကျောက်ထုမြို့အခြေစိုက်အမြောက်တပ်အမှတ် (၃၆၈) နဲ့ ဆောမြို့ ရဲစခန်းက သိရပါတယ်။

“ မနေ့က နှစ်ယောက်၊ဒီနေ့က တစ်ယောက် အားလုံးပေါင်းသုံး ယောက်ပေါ့။နှစ်ယောက်ကတော့ သူတို့တပ်ထဲမှာ မနေချင်လို့ ထွက်ပြေးကြတာ။ရဲဘော်တွေက ဖမ်းမိထားတာ။တစ်ယောက်ကတော့စစ်မေးနေတုန်းပဲ။အချက်အလက်တွေ အကုန်လုံးကို သက်တိုင်ရာ ခရိုင်စစ်ဌာနကို တင်ပြထားပြီးပါပြီ” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ယောဗျူဟာတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ထဲမှာမနေချင်လို့ထွက်ပြေးလာတာဖြစ်တဲ့အတွက်ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့လည်း သူက အသိပေးပါတယ်။
“ ဖမ်းမိတဲ့ထဲ တိုတစ်လက်နဲ့ လက်ပစ်ဗုံး တစ်လုံးပါတယ်” လို့ ယောဗျူဟာ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ထွက်ပြေးသွားတဲ့တပ်သားတွေကို စစ်တပ်က စစ်ကြောင်းထိုးရှာနေတယ်လို့လည်း ယောဒေသတင်းရင်းမြစ်အချို့ကဆိုပါတယ်။
“ မနေ့က ယောမြို့ကျေးရွာထဲကိုအင်အား ၁၀၀ ကျော်နဲ့ ဝင်ရှာတယ်။ညနေပိုင်းပဲကျောက်ထု အမြောက်တပ်ထဲပြန်ဆုတ်သွားတယ်” လို့ ယောဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်တပ်က ကာကွယ်ရေးပစ္စည်းစက်ရုံ တွေရှိတဲ့ မကွေးတိုင်း ပေါက်မြို့နယ်ဘက်ကနေ ထီးလင်း မြို့နယ်ကို စစ်ကြောင်းထိုးနေတာရှိပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
















































