အောက်တိုဘာ-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ဟာစစ်တပ်အာဏာ သိမ်းမှုကြောင့် စက္ကူစုတ်တခုအဖြစ်ရောက်ရှိသွားပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်း အရုံး(KNU) ပါဝင်တဲ့ တိုင်းရင်းသား တော်လှန်ရေး ၆ဖွဲ့က ဒီကနေ့ ပူးတွဲ သဘောထား ထုတ်ပြန်ပါတယ်။
ဒါကြောင့်NCA အမည်ခံစစ်ကောင်စီကျင်းပမယ့်NCA လက်မှတ်ရေးထိုးခဲ့ခြင်း (၁၀)နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့်မြန်မာ ပြည်သူလူထုနဲ့အတူရပ်တည်ကြောင်းပြသကြဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က အောက်တိုဘာ ၁၃ ရက်နေ့မှာတိုက်တွန်းထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံပြီး NCA နှစ်ပတ်လည်ပွဲအတွက် ပူးပေါင်းဆောင်ရွက်နေချိန် NCA လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့တဲ့ အဖွဲ့ ၁၀ဖွဲ့အနက် ၆ဖွဲ့က အခုလို သဘောထား ကြေညာခဲ့တာပါ။ပူးတွဲသဘောထား ထုတ်ပြန်ခဲ့တဲ့ KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDf)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP_AD) တို့ထဲက KNU ၊CNF ၊ ABSDF နဲ့ PNLO တို့ဟာ အခြားတိုင်းရင်းသားအဖွဲ့ ၄ဖွဲ့နဲ့အတူ ၂၀၁၅ အောက်တိုဘာ ၁၅ရက်မှာ NCA လက်မှတ်ရေးထိုးခဲ့ပါတယ်။ NMSP နဲ့ LDU တို့ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ NCA လက်မှတ်ရေးထိုးခဲ့တာပါ။

Public Service Announcement
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရ၊ အခြေခံမူတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်တာ ဖြစ်ပြီး NCA အကောင်အ ထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားစေတယ်လို့ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
NCA စာချုပ်အပေါ်ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့ စစ်အုပ်စုက ပြည်သူလူထု ကို အင်အားသုံးကာ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာခဲ့သည်သာမက လေကြောင်းတိုက်ခိုက်မှု တွေ အပါအဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှု နေ့စဉ်ကျူးလွန်လျက် ရှိနေချိန်မှာ NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်လို့ စစ်အုပ်စုရဲ့ ဟန်ပြလုပ်ငန်းစဉ်မှာ ပါဝင်ခြင်းဟာမြန်မာနိုင်ငံနဲ့ဒေသတွင်းမတည်ငြိမ်မှုကိုဖန်တီးနေတဲ့ စစ်အုပ်စုကို ထောက်ခံရာ ကျနေတယ်လို့ တိုင်းရင်းသား တပ်ဖွဲ့တွေက သတိပေးပါတယ်။
ဒါကြောင့် NCA လက်မှတ်ရေးထိုးခဲ့ခြင်း (၁၀) နှစ် ပြည့်မြောက် အခမ်းအနားကို မတက်ရောက် ခြင်းဖြင့် ပြည်သူလူထုနဲ့အတူရပ်တည်ကြောင်းပြသကြဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို တိုက်တွန်း အထက်ပါတော်လှန်ရေးအဖွဲ့ခြောက်ဖွဲ့က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
“အခုလောလောဆယ် သူတို့ရဲ့ စစ်အုပ်ချုပ်ရေး တရားဝင်မှုရအောင်ဆိုပြီး ဟန်ပြ ပွဲလုပ်တယ်လို့ပဲမြင်တယ်။ သူတို့ရဲ့ တရားဝင်မှုအတွက် စစ်အုပ်ချုပ်ရေးအတွက် ဒီလိုမျိုး ပုံစံအမျိုးမျိုးနဲ့လုပ်နေတဲ့ ပွဲတွေကိုတက်ရောက်ခြင်းဟာ ဒီစစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ဖို့ကိုပဲ ဦးတည်
ရာရောက်မယ်လို့ ကျနော်တို့က အဲဒီလိုမြင်ပါတယ်”လို့ ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားပါတယ်။
စစ်အုပ်စုရဲ့NCA အမည်ခံပြီး ပြုလုပ်တဲ့ ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ စစ်အုပ်စုက သူတို့ ကိုယ်တိုင်ချိုးဖောက်လို့ ပျက်ပြယ်သွားပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲတို့ဟာ စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိဖို့ကြိုးပမ်းခြင်းသာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
ဒီလိုကြိုးပမ်းခြင်းသာဖြစ်လို့ နိုင်ငံရဲ့အကျပ်အတည်းနဲ့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ပဋိပက္ခတွေသာ ပိုလို့ ရှည်လျားစေမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေးရဲ့လမ်းစဟာ စစ်တပ် နိုင်ငံရေးမှာ ပါဝင်မှု မရှိစေဖို့ ၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရား မျှတမှုရရှိစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ဖို့ လိုအပ်တယ်လို့ ထပ်လောင်း အသိပေးပါတယ်။
အဲဒီအချက်တွေအတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်တဲ့အထိ တစိုက်မတ်မတ်တိုက်ပွဲဝင်သွားမယ်လို့လည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေက ပူးတွဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စစ်တပ်က ၂၀၂၅ ခုနှစ်မှာ ပြည်သူတွေကိုဦးတည်တဲ့လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်မှုတွေတိုးလုပ်လာပါတယ် ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဗုံးကြဲလို့သေဆုံးခဲ့တဲ့ပြည်သူထောင်ချီရှိနေပြီဖြစ်ပါတယ်။စစ်တပ်ကလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်က အကြမ်းဖက်မှုတွေပိုလုပ်လာနိုင်တာကြောင့်လုံခြုံရေးပိုသတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေကသတိပေးထားပါတယ် ။




















































