အောက်တိုဘာ ၁၃၊၂၀၂၅။ ထားမြတ်/People’s Spring
ရှမ်းမြောက်က ကျောက်မဲ မြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကင်းစခန်းအချို့ကို စစ်ကောင်စီတပ်က ဖယ်ခိုင်းရာမှအစပြုပြီး နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ပြီးနောက် အောက်တိုဘာ ၁၁ရက်တွင် SSPP တပ်စခန်းအနီး လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နဲ့အတူ အခုလိုတိုက်ပွဲဖြစ်ပွားမှု သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
“ ကျောက်မဲဘက်မှာ ထိတွေ့မှု ဖြစ်တယ်ပဲ ပြောရမှာပေါ့။ စစ်တပ်က SSPP ကာကင်းစခန်းတွေကို နေရာလာရွှေ့ခိုင်းရာကနေပစ်ကြတာ။ “ လို့ ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲဖြစ်ပွားမှု နေရာဒေသနဲ့ တိုက်ပွဲဖြစ်ပွားချိန်အပါအဝင် အသေးစိတ် အခြေအနေတွေကို မေးမြန်းဖို့ SSPP ပြောရေးဆိုခွင့်ရှိသူ အချို့ကို ယနေ့ အောက်တိုဘာ ၁၃ရက်မှာ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
SSPPက တိုက်ပွဲဖြစ်ပွားမှု သတင်းထုတ်ပြန်ထားတာမရှိပေမယ့် အောက်တိုဘာ ၁၁ရက်မှာ ကျောက်မဲမြို့နယ်က SSPP တပ်စခန်းအနီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲလို့ တပ်စခန်း ခြံစည်းရိုး ထိမှန်မှု ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
SSPPဟာ အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖြစ်ပါတယ်။
“SSPPက နဂိုရ်ကတည်းကမှ စစ်မတိုက်ချင်တာ။ အခုက သူ့နယ်မြေလာထိလို့ ပြန်ချတဲ့သဘော။ စစ်တပ်ကလည်း ရမလားဆိုပြီး အကဲစမ်းပေမယ့် ရန်သူသစ်တော့ မွေးချင်ပုံမရပါဘူး။ ခဏနဲ့ ပြန်ငြိမ်သွားကြမယ့် သဘောရှိပါတယ်” လို့ ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။


















































