Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နယ်ကစာသင်ကျောင်းအနီး စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ် ၂ဦးသေဆုံး၊ ဒဏ်ရာရသူများပြား

စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

■“စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့ နောက်ပိုင်း ၁၅ မိနစ်အကြာမှာစကစဒရုန်းနဲ့လည်း နောက်ထပ်တခါ ဗုံးလာကြဲတာဖြစ်တယ်”-​ဒေသခံ

အောက်တိုဘာ-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီက​​နေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်တွေသေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်မနက် ၁၀နာရီခွဲခန့်မှာ ဗန်ဟားကျေးရွာစာသင်ကျောင်းအနောက်ဘက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စာသင်ကျောင်းကိုတည့်တည့်တော့ မထိဘဲနဲ့ ကျောင်းအနီးအနားမှာ ကျတာပေါ့။အဲဒီ ဗုံးကြဲတိုက်ခိုက်ဖြစ်စဉ်က မူလတန်းကျောင်းဖြစ်တာပေါ့။ ကျောင်းသားကလေးငယ်တွေ အမှိုက်ကောက်နေစဉ် ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်ဆိုတော့ ဒဏ်ရာရသူတွေများတယ်တဲ့။ အခုထိလည်း ဘယ်လောက်လဲဆိုတာမသိနိုင်သေးဘူး။ ၂၀ဦးလောက်ဖြစ်နိုင်မလားပေါ့။ အဲဒီအထဲမှာ ၂ယောက်က သေဆုံးတာ အတည်ဖြစ်တယ်။ ဒါပေမဲ့ ၂ ယောက် ၃ယောက်လောက် ပျောက်ဆုံးနေဆဲဖြစ်တယ်” လို့ ​ဒေသခံချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်ပြီးနောက် ဒရုန်းနဲ့လည်း ထပ်မံလာရောက်ဗုံးကြဲခဲ့တယ်လို့ဆိုပါတယ်။

“စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့ နောက်ပိုင်း ၁၅ မိနစ်အကြာမှာ စကစ ဒရုန်းနဲ့လည်း နောက်ထပ်တခါ ဗုံးလာကြဲတာဖြစ်တယ်။ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်တို့ ချင်းပြည်သူတွေ အနေနဲ့ ပြောမယ်ဆိုရင် စစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး” လို့အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့ ဖိအားပေးတဲ့ ပုံစံနဲ့ လေကြောင်းတိုက်ခိုက်တာဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

အခြား​ဒေသခံတဦးကလည်း “ ကျနော်တို့ကြားထားရသလောက် သေဆုံးနဲ့ကလေးနှစ်ယောက်ကကျောင်းသားလေးတွေဖြစ်တယ်။ဒဏ်ရာရတာကလည်း ကျောင်းကဆရာမတွေနဲ့ကလေးငယ်တွေဖြစ်တယ်။ နယ်မြေမှာက စစ်ရေးအခြေအနေဘာမှထူးခြားနေတာမရှိဘူးဗျ” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ချင်းပြည်နယ် မင်းတပ်မြို့နယ်က စာသင်ကျောင်းကိုလည်း အောက်တိုဘာ ၈ရက်က လေကြောင်းဗုံးကြဲခဲ့လို့ ကလေးငယ် ကျောင်းသား ၃ဦး နဲ့ မသန်စွမ်းအမျိုးသမီး၁ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

စာသင်ကျောင်းကို လေကြာင်းတိုက်ခိုက်လာလို့လည်း မင်းတပ်မြို့နယ်က ကြားကာလပြည်သူ့အခြေပြု ကျောင်းတွေကို အောက်တိုဘာ ၁၀ရက်က စတင်ပိတ်လိုက်ပါတယ်။ လေကြောင်းရန်ကြောင့် ပိတ်တာဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

အောက်တိုဘာ ၁၀ရက်ညပိုင်းကလည်း မတူပီမြို့ပေါ် တနေရာကို လေကြောင်းတိုက်ခိုက်ခဲ့လို့လူသေဆုံးထိခိုက်ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေ တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့နယ်မြေတွေအပါအဝင် နိုင်ငံတဝန်း မှာ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းစစ်ဆင်ရေးတွေဆက်တိုက်ပြုလုပ်နေတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှု မကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။

စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ လေကြောင်း၊လက်နက်ကြီးရန်ကာကွယ်ရေးဆိုင်ရာတွေ လိုက်နာဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ