အောက်တိုဘာ – ၁၃ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ်မှာညအချိန် လူငယ်တွေကို စစ်မှုထမ်း တပ်သားသစ်စုဆောင်းဖို့ ဖမ်းဆီးပေါ်တာဆွဲတာရှိလာတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
ညအချိန်သွားလာတဲ့ လူငယ်တွေကိုပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်ဝေခံ ပျုစောထီးအဖွဲ့ စစ်ဆေးဖမ်းဆီးတာလို့ သိရပါတယ်။
အောက်တိုဘာလ ၁၁ ရက်ညပိုင်းကဆိုရင် အသက် ၂၀ ဝန်းကျင်လူငယ် နှစ်ဦး ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု ( ၁ ) ရပ်ကွက်မှာ ပေါ်တာဆွဲခံလိုက်ရတယ်လို့ အဲဒီလူငယ်တွေရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
“ ကောင်လေး နှစ်ယောက်က မူးပြီး လမ်းဘေးမှာ ရပ်နေတာ ၊ကားပေါ်ကောက်တင်သွားတော့ ချက်ချင်းပဲ မိဘတွေလိုက်ထုတ်တာမရဘူး၊လူလို လို့ ဖမ်းတာလို့ပြောတယ်”လို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။
စစ်မှုထမ်းအတွက် နာမည်စာရင်းပါပြီး ရပ်ကွက်ရုံးဆီလာရောက်တာ မရှိတဲ့သူတွေ ရဲ့နေအိမ်တွေကိုလည်း စစ်တပ်၊အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေက ဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက်ရှာဖွေတာတွေလည်းရှိနေပါတယ်။
ဒါကြောင့် စစ်မှုထမ်းစာရင်းပါသူလူငယ်တွေဟာနေအိမ်ကနေ အဝေးကို သွားရောက်တိမ်းရှောင်နေထိုင်နေရတယ်လို့ မန္တလေး မြို့ခံအချို့က အသိ ပေးပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ကြေညာထားတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ အပတ်စဉ် (၁၇) ကို စတင်ထားပါတယ်။
အပတ်စဉ် (၁၅) အထိ သင်တန်းဆင်းထားပြီးဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၇၅,၀၀၀ ရရှိထားပြီလို့ အကြမ်းဖျင်းခန့်မှန်းရပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်လာသူတွေ လည်းရှိနေပါတယ်။
















































