အောက်တိုဘာ-၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ၇ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်ရင်း(၉)ထံ အလင်း ဝင်ခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)က သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာသူတွေဟာ KNLA တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ် အခြေစိုက် KNLA တပ်ရင်း(၉)ဆီကို အောက်တိုဘာ ၁၅ရက်မှာ အလင်းဝင်လာတာဖြစ်ပြီး အလင်းဝင်လာသူတွေရဲ့ အမည်၊ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
အလင်းဝင်ခိုလှုံလာသူ ၇ဦးဟာ စစ်ကောင်စီတပ် ခလရ(၇၅)တပ်ရင်းက ဖြစ်ပြီး စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၇)၊ အပတ်စဉ် (၁၀)နဲ့ အပတ်စဉ် (၁၃) သင်တန်းဆင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီထဲက သန်းနိုင်ဦးနဲ့ ရာဇာထက်ဆိုသူ နှစ်ဦးဟာ ရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်း ဘ၀ ရောက်ရှိလာသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လိုရောင်းစားခံရတယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဟဲဂေးဆီကို ဆက်သွယ်ထားပါတယ်။
“အခက်အခဲအမျိုးမျိုးကြောင့် အလင်းဝင်ဘက် ပြောင်းခိုလှုလာစဉ် ၎င်းတိုအနေဖြင့် လက်နက်များ ယူဆောင်လာနိုင်ခြင်း မရှိသော်လည်း လယ်ဒိုမြိုနယ်တာဝန်ရှိသူများမှ နေရာထိုင်ခင်း၊ အသားအစာနှင့် အဝတ်အစားများ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်”ဟုလည်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းစေခိုင်းခံနေရသူ အာဏာသိမ်းအကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ကြဖို့လည်း KNUကထပ်လောင်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်လျက်ရှိရာ KNU ခရိုင်အသီးသီးမှာ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ အလင်းဝင်ရောက်မှုတွေရှိနေပါတယ်။


















































