အောက်တိုဘာ-၁၇၊၂၀၂၅၊ရှိန်း/ People’s Spring
မန္တလေးမြို့၊ပုသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အနီးမှာ အမျိုးသမီးငယ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ အိမ်စီးကားအဖြူရောင်ဟာ ပျူစောထီးအုပ်စုရဲ့ ကားဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၆ရက် မနေ့က ည၇ နာရီဝန်းကျင်မှာ အမျိုးသမီးငယ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးစဉ် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာ ကားအောက်ကို ပါသွားခဲ့တာပါ။
အဲဒီကားဟာ အရှိန်နဲ့မောင်းသွားပြီး လမ်းသွားလာသူတွေကိုပါ တိုက်မလိုဖြစ်သွားကြသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
အဲဒီကားဟာ အဆုတ်ဆေးရုံအနီးကားခဏရပ်ကာ ပါလာတဲ့ အမျိုးသမီးကို ကားပေါ်တင်ခဲ့ပြီး ကံ ကောက်ကျေးရွာထဲက အထည်ချုပ်စက်ရုံအနီးမှာ ဒဏ်ရာတွေနဲ့ စွန့်ပစ်ခဲ့တာပါ။
တိုက်သွားတဲ့ ကားဟာ 3J -1013ဆိုတဲ့ Mark X ကားဖြစ်တယ်လို့ မျက်မြင် တွေ့သူတွေက ပြောဆိုခဲ့ပါတယ်။
အဲဒီကားဟာ မန္တလေးမြို့က ပျူစောထီးတွေရဲ့ကားဖြစ်ပြီး ပျူစောထီး နှစ်ဦးဟာ ဒီကားကို TikTok မှာတင်ခဲ့ဖူးပါတယ်။ တင်ခဲ့သူတဦးကတော့ အရှင်မင်းကြီးဒူးရှည်ဆိုသူ ကိုဝေယံ 8221ဆိုတဲ့အကောင့်ဖြစ်ပြီး ဒီလူဟာ ပုသိမ်ကြီးမြို့နယ်၊ဂျင်ဝိုင်းနဲ့ လောင်းကစားဝိုင်းတွေကို ဦးဆောင်နေသူ ပျူစောထီးတဦးဖြစ်ပါတယ်။
ပုသိမ်ကြီးရဲစခန်းကတော့ ပြစ်မှုကျူးလွန်တဲ့တရားခံကို မဖမ်းမိသေးဘူးလို့ မီဒီယာ တွေမှာဖြေကြားထားတာကို တွေ့ရပါတယ်။
ပုသိမ်ကြီးမြို့အရှေ့ဘက်က ရေမြောင်းမှာလည်း ဂျင်ဝိုင်းတွေမှာ သတ်ဖြတ်ခံရသူတွေရဲ့ အလောင်းတွေ ဆက်တိုက် စွန့်ပစ်တာ တွေ၊ရုပ်အလောင်းပေါ်တာ တွေရှိပေမယ့် တရားခံဖမ်းတာမျိုးမရှိခဲ့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
















































