Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် နိုင်ငံရေးကမထွက်ဘဲ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ NUG ပြော

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးကမထွက်ဘဲ ငြိမ်းချမ်းရေးဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

အောက်တိုဘာ-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးကမထွက်ဘဲ ငြိမ်းချမ်းရေးဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁၅ရက်မှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) နှစ်ပတ်လည်နေ့ ကျင်းပပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီအားပေးသူတွေက NCAဟာ တရားဝင်မှု ခိုင်မာတဲ့ စာချုပ်ဖြစ်တယ်၊ NCA အတိုင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမယ်လို့ လေသံပေးခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲ ကျင်းပမှု ဟာ ဟန်ပြလုပ်ဆောင်မှုသာ ဖြစ်တယ်လို့ NCA မှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ထဲက ၆ ဖွဲ့ ပူးတွဲထုတ်ပြန်ခဲ့သလို စစ်တပ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်ခဲ့တာလို့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု ပြုလုပ်နေဆဲ ဖြစ်တဲ့ ရှမ်းလက်နက်ကိုင် RCSS တို့က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း စစ်ကောင်စီနဲ့ စစ်ကောင်စီအားပေးသူတွေရဲ့ လုပ်ရပ်အပေါ် ဘာမှ ပြောလိုခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးမရနိုင်တဲ့ အချက်အလက်တွေကိုတော့ အသိပေး ပြောပြခဲ့ပါတယ်။

” စစ်တပ် နိုင်ငံရေးက မထွက်ဘဲ ငြိမ်းချမ်းရေးမရဘူး။ စစ်တပ်ဟာ အရပ်သား အစိုးရ လက်အောက်မှာ မရှိသရွေ့ငြိမ်းချမ်းရေး မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ငြိမ်းချမ်းရေး မရဘူး။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) မရှိဘဲ ငြိမ်းချမ်းရေးမရဘူး”လို့ ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။

KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကျောင်းသားတပ်မတော်(ABSDF)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) စတဲ့ တိုင်းရင်းသား ၆ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာလည်း ၂၀၂၁ စစ်တပ် အာဏာသိမ်းလိုက်တာဟာ NCA စာချုပ် အနှစ်သာရ၊ အခြေခံမူတွေ၊ ရည်မှန်းချက်တွေကို ဖျက်ဆီးလိုက်တာဖြစ်လို့ NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားစေခဲ့ကြောင်း ဖော်ပြါတယ်။

ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာဖို့ စစ်တပ် နိုင်ငံရေးမှာ ပါဝင်မှုမရှိဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့လိုအပ်ကြောင်း အသိပေးထားပြီး စစ်အာဏာရှင် ချုပ်ငြိမ်းကာ ဖက်ဒရယ်ပြည်ထောင်စုသစ် ထူထောင်နိုင်တဲ့အထိ တစိုက်မတ်မတ် တိုက်ပွဲဝင်နေမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ