Connect with us

Hi, what are you looking for?

သတင်း

ဘိုးဘေးတွေရဲ့ ဇာတိမြေဆီ ပြန်ခွင့်ရခဲ့တဲ့ မြန်မာနိုင်ငံသား အယုဒ္ဓယ မျိုးဆက်တွေ

မြန်မာမင်းတွေ လက်ထက်က အယုဒ္ဓယကနေ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရသူတွေရဲ့ သားစဉ်မြေးဆက်တွေဟာ နှစ်ပေါင်း ၂၆၀ လောက် ကြာမြင့်ပြီးတဲ့ အချိန်မှာတော့ ဘိုးဘေးတွေရဲ့ နေရပ် ဇာတိဆီ ပြန်လည် သွားရောက် လည်ပတ်ခွင့် ရခဲ့တယ်လို့ ထိုင်းနိုင်ငံအ​ခြေစိုက် Khaosod သတင်းဌာနက ဒီက​နေ့​ဖော်ပြပါတယ်။

​အော်တိုဘာ-၁၈၊၂၀၂၅။People’s Spring

မြန်မာမင်းတွေ လက်ထက်က အယုဒ္ဓယကနေ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရသူတွေရဲ့ သားစဉ်မြေးဆက်တွေဟာ နှစ်ပေါင်း ၂၆၀ လောက် ကြာမြင့်ပြီးတဲ့ အချိန်မှာတော့ ဘိုးဘေးတွေရဲ့ နေရပ် ဇာတိဆီ ပြန်လည် သွားရောက် လည်ပတ်ခွင့် ရခဲ့တယ်လို့ ထိုင်းနိုင်ငံအ​ခြေစိုက် Khaosod သတင်းဌာနက ဒီက​နေ့​ဖော်ပြပါတယ်။

အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်တင်ထွေးဟာ လွန်ခဲ့တဲ့ နှစ် ၂၆၀ လောက်တုန်းက ထိုင်းဘုရင့် နေပြည်တော်ဖြစ်တဲ့ အယုဒ္ဓယကို မြန်မာတပ်တွေ သိမ်းပိုက်ခဲ့ပြီး သုံ့ပန်းအဖြစ် ခေါ်ဆောင်ခဲ့သူတွေဆီက ဆင်းသက်လာသူတစ်ဦးပါ။သူဟာ အယုဒ္ဓကို ပြန်လည်သွားရောက်ခွင့်ရချိန်မှာ ဝမ်းနည်းဝမ်းသာ မျက်ရည်ကျခဲ့ပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဆူးခါးရွာဟာ ၁၇၆၇ ခုနှစ်တုန်းက မြန်မာတပ်တွေ လက်အောက်ကို အယုဒ္ဓယမြို့ ဒုတိယအကြိမ် ကျရောက်ခဲ့စဉ်ကမြန်မာဖက်ကိုသုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသူတွေ ထူထောင်ခဲ့တာလို့ ထိုင်းသတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။ အဲဒီရွာထဲက အယုဒ္ဓယ အဆက်အနွှယ်တွေကိုမိခင်နိုင်ငံဆီ ပြန်လည် ခေါ်ဆောင်ဖို့ဆိုတဲ့အစီအမံတစ်ခုကိုထိုင်းသမိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ ပန်နာပတ် ခမ်နွမ်က ဦးဆောင်ပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ဒေါ်တင်ထွေးသာ မကဘဲ ရွာကျောင်း ဆရာတော် ဦးမာဂရ၊ ရွာသူကြီး ဦးဇော်ဝင်းနဲ့ ဆူးခါးရွာသူ ဒေါ်တင်ညွန့်တို့ဟာ အယုဒ္ဓယမြို့ဆီ လာရောက်ခွင့် ရခဲ့ကြပါတယ်။ အားလုံးဟာ စစ်သုံ့ပန်းဟောင်း အယုဒ္ဓယ ပြည်သားတွေရဲ့ ၇ ဆက်မြောက်မျိုးဆက်တွေအဖြစ် ပန်နာပတ်က အတည်ပြုထားပါတယ်။

သူတို့ဟာ မန္တလေးကနေ ဘန်ကောက်မှာရှိတဲ့ ဒွန်မောင်းလေဆိပ်ဆီ သွားရောက်ခဲ့ပြီး အဲဒီကမှတဆင့် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေတဲ့ အယုဒ္ဓယ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။အယုဒ္ဓယမြေကို စတင်နင်းတဲ့အချိန်မှာသူတို့ကို မြို့ရဲ့ ပန္နက်တိုင် နတ်ကွန်းဆီ ပို့ဆောင်ခဲ့ပါတယ်။ ဒေါ်တင်ထွေးက သူ့ဘိုးဘွားတွေရှင်သန်နေထိုင်ခဲ့တဲ့ မြေကို ပြန်ခြေချခွင့်ရလို့ အရမ်း စိတ်လှုပ်ရှားနေမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ခရီးစဉ်ကို စီစဉ်ပေးသူတွေက သူတို့တွေကို ဝတ်ဖရာရမ် ဘုရားကျောင်းနဲ့ တခြားရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေ၊ အယုဒ္ဓယ သမိုင်းဝင်ပန်းခြံတို့ကိုလည်း လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ ဝတ်ဖရာရမ်ကိုရောက်တော့ ဒေါ်တင်ထွေးက နောက်တစ်ကြိမ် ငိုပါတယ်။ သူက ဖိနပ်ကိုလည်း ချွတ်ထားခဲ့ပါတယ်။ အယုဒ္ဓယရဲ့ မြေသားကို နင်းခွင့်ရတာကို သူက ပျော်နေပါတယ်။ ပြီးတော့ မိသားစု မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဇာတ်လမ်းတွေ အကြောင်းကိုလည်း အမှတ်ရနေပါတယ်။ သူ့ဘဝမှာ ဒီနယ်မြေဆီပြန်လာခွင့် ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးလို့ ဒေါ်တင်ထွေးက ဆိုပါတယ်။

ပန်နာပတ်က ဆူးခါးရွာသားတွေကို အလည်အပတ် ခေါ်ယူမယ့် ခရီးစဉ်ဟာ စာရွက်စာတမ်းနဲ့ ပတ်စ်ပို့တ် ကိစ္စတွေကြောင့် နှောင့်နှေးမှုတွေ ရှိခဲ့တဲ့အကြောင်း ရှင်းပြပါတယ်။ ခေါ်ဆောင်လာသူ အားလုံးဟာ ၁၇၆၇ ခုနှစ်၊ အယုဒ္ဓယမြို့ ကျဆုံးချိန်တုန်းက ဖမ်းဆီးခံရတဲ့ သုံ့ပန်းဟောင်းတွေရဲ့ အဆက်အနွှယ်တွေဆိုတာ အတည်ပြုနိုင်ကြောင်း သူက ပြောပါတယ်။ မျိုးဆက် ၇ ခု ကွာဟသွားပေမယ့် သူတို့တွေဟာ ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့ အကြောင်းအရာတွေကို စွဲမြဲ မှတ်သားထားကြဆဲလို့ ပန်နာပတ်က ဆိုပါတယ်။

ဒေါ်တင်ထွေးကတော့ သူ့ရဲ့ မိဘဘိုးဘွားတွေက ဆွန်ခရန် ပွဲတော်ကာလမှာ သဲပုံစေတီ တည်ခဲ့တဲ့ ဓလေ့မျိုးတွေကို သူငယ်ငယ်ကတည်းက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ သူတို့မိသားစုဟာ အယုဒ္ဓယ အဆက်အနွှယ်တွေ ဖြစ်တယ်လို့ သူက ဂုဏ်ယူဟန်နဲ့ အခိုင်အမာ ပြောပါတယ်။ မိဘတွေ သင်ပေးဖူးတဲ့ ထိုင်းဝေါဟာရ တချို့ကိုလည်း သူက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရွတ်ပြခဲ့ပါသေးတယ်။ အယုဒ္ဓယကို ပြန်လာရတာဟာဝေးကွာနေတဲ့ မိသားစုနဲ့ ပြန်ဆုံရသလိုပဲလို့ သူက ပြောတော့ စီစဉ်သူတွေက လက်ခုပ်တီးကြပါတယ်။

အခုခရီးစဉ်ကို မှတ်တမ်း ရုပ်ရှင်တစ်ခုလည်း ရိုက်ကူးထားပြီး Yodiaဆိုတဲ့ အဲဒီ ရုပ်ရှင်ဟာ ရှေးအယုဒ္ဓယ မျိုးနွယ်တွေ မြန်မာနိုင်ငံဆီ ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ရတဲ့ အကြောင်းကို ပြောပြသွားမှာပါ။ဆူးခါးရွာရဲ့ အယုဒ္ဓယ အနွယ်တွေဟာ ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ ကာလတွေမှာ မူလမျိုးနွယ်စု စံတန်ဖိုးတွေကို အတတ်နိုင်ဆုံး ကြံ့ကြံ့ခံ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ မျိုးနွယ်စုဝင်အချင်းချင်းပဲ အတတ်နိုင်ဆုံး လက်ထပ် ထိမ်းမြားခဲ့ကြပါတယ်။ဒေါ်တင်ထွေးကတော့ အိမ်ထောင် မပြုခဲ့ပါဘူး။

ဆူးခါး ရွာသားတွေအကြောင်း သတင်းကြားလို့ လာရောက်တွေ့ဆုံ နှုတ်ဆက်ကြ၊ ကြိုဆိုကြတဲ့အယုဒ္ဓယ နယ်ခံတချို့လည်း ရှိခဲ့ပါတယ်။ သူတို့က အယုဒ္ဓယ အနွယ်ဝင်တွေကို ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့တဲ့ ပန်နာပတ်ရဲ့ စိတ်ကူးနဲ့ အားထုတ်မှုတွေကိုပါ ချီးကျူး ထောမနာ ပြုခဲ့ကြပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ