အောက်တိုဘာ-၁၈၊ ၂၀၂၅။ မေ/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကျောက္ကာရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဆီ ရိက္ခာပို့ဖို့လာတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့ စီးပွားရေး တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတို့ ပူးပေါင်းပြီး သံပြားကာ ကားနှစ်စီးနဲ့ ရိက္ခာတင်ကာ ခြေလျင်စစ်ကြောင်း အင်အား ၁၀၀ခန့်နဲ့ ရိက္ခာပို့ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို အောက်တိုဘာ ၁၅ ရက် မနက် ၁၀နာရီခွဲမှာ ထနောင်းဝင်းနဲ့ ကျောက္ကာကြားမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မုံရွာပကဖက ပြောပါတယ်။

Public Service Announcement
မြို့နဲ့နီးကပ်တဲ့အနေအထားဖြစ်လို့ အလုံးစုံမချေမှုန်းနိုင်လိုက်ဘဲ စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မုံရွာပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို ကားနဲ့တင်ပြီး မုံရွာနမခထဲ ပြန်ဝင်သွားတာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး လက်ရှိအချိန်အထိတော့ အခြေအနေ တည်ငြိမ်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပကဖ၊ မုံရွာခရိုင်ပကဖ အထူးတိုက်ခိုက် ရေးအဖွဲ့- Danger Force၊ မုံရွာမြို့နယ်ပကဖ တိုက်နယ် ၁၊၂၊၃၊၄၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာမြို့နယ်ပလဖ အထူးတိုက်ခိုက် ရေးအဖွဲ့ Tribal Force၊ မုံရွာမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့- မုံရွာ Special ဒိတ်ဒိတ်ကြဲ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon.LDF၊ ဒေသခံ ရပ်ကျေးပကဖတို့ ပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


















































