အောက်တိုဘာ-၂၀၊ ၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဒီကနေ့ (အောက်တိုဘာ ၂၀ရက်) မနက်ပိုင်းမှာ တန့်ဆည်မြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲ ဖြစ်တာလို့ ဆိုပါတယ်။
“မနက်က တန့်ဆည် အရှေ့ပိုင်းမှာ တိုက်ပွဲဖြစ်တယ်”လို့ တန့်ဆည်ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်နဲ့ မြို့အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတာကို တန့်ဆည် PDF တာဝန်ရှိသူကလည်း အတည်ပြုပါတယ်။
ဒါ့အပြင် တန့်ဆည်မြို့နယ်ရဲ့အနောက်ခြမ်း ကံထူးမကျေးရွာအနီးမှာ Spy Balloon လို့ ယူဆရတဲ့ အရာမြင်တွေ့ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
“မနက် ၁၀ နာရီလောက်မှာတွေ့တာ။မီးပုံးပျံ ဆိုရင်မြောက်လေ တိုက်နေတာမို့ တောင်ကနေ မြောက် မလာဘူး။။လယ်ထီး၊လယ်မ ဘက်ကနေ လာတာ”လို့ တန့်ဆည်မြို့ခံတစ်ဦးက ပြောပါတယ်။ဒါပေမယ့် အဲဒီအချက်အလက်နဲ့ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်ကနေ တန့်ဆည်နယ်အရှေ့ခြမ်းက အက်တော၊ သဲကုန်း ကျေးရွာတွေဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်လို့လည်း ဒေငခံတွေက ပြောပါတယ်။
“အက်တော မှာ ပြီးခဲ့တဲ့တပတ်ကစလို့ အင်အားဖြည့်နေတာ ပေါ့။အရင်ရှိပြီးသား အင်အားနဲ့ဆို ၂၅၀ လောက်ရှိတယ်။တန့်ဆည်-ရေဦးဘက်ကို ဆက်ထိုး မယ်လို့ပဲယူဆရတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁ ရက်က တန့်ဆည်-ရေဦးလမ်းပိုင်းစိုးမိုးရေး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး ပြန်ဆုတ်သွားရတယ်လို့ သိရပါတယ်။စစ်ကောင်စီတပ် စစ်ကြောင်းမှာ အမှတ် (၃၆၁)ခြေမြန်တပ်ရင်း (ခမရ- ၃၆၁)နဲ့ ပျူစောထီးအင်အား ၂၀၀ ဝန်းကျင်ပါတယ်လို့ ပေါ်ဦးစစ်ကြောင်းက အသိပေးပါတယ်။


















































