Connect with us

Hi, what are you looking for?

သတင်း

မြန်မာမှာအပစ်ရပ်နိုင်ရေးပုပ်ရဟန်းမင်းတိုက်တွန်း

မြန်မာနိုင်ငံမှာအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သလို ယူကရိန်း အပါအဝင် စစ်ဘေးသင့် နယ်မြေတွေ ငြိမ်းချမ်းရေး အတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။

ဓါတ်ပုံ-Felix Miller /Catholicvote

​အောက်တိုဘာ-၂၀၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သလို ယူကရိန်း အပါအဝင် စစ်ဘေးသင့် နယ်မြေတွေ ငြိမ်းချမ်းရေး အတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က ဗာတီကန်မှာရှိတဲ့စိန့်ပီတာ ရင်ပြင်ရဲ့ ဝတ်ပြု စုဝေးမှု အစီအစဉ် အပြီးမှာ ပုပ်လီယို ၁၄ ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်လည်း ယုံကြည် ဝတ်ပြုသူတွေနဲ့အတူ ဆုတောင်းခဲ့ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဟာ ၂၀၂၁ နှစ်ဆန်းပိုင်း ကတည်းက စစ်ရေး ပဋိပက္ခမီးတွေ တောက်လောင်နေတဲ့မြန်မာနိုင်ငံမှာအပစ်အခတ်ရပ်စဲနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံကနေ လက်ခံရရှိတဲ့ သတင်းတွေအရပြည်သူတွေဟာအရမ်း ကျပ်တည်းပြီး အကူအညီ လိုအပ်နေတယ်ဆိုတာ သိမြင် သဘောပေါက်နိုင်တယ်လို့ ပုပ်လီယိုက မိန့်ကြားခဲ့ပါတယ်။

အရပ်သား ဧရိယာတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဆန့်ကျင်ရပ်တည်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သလို ထိခိုက် နာကျင်ခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းမိကြောင်းလည်း ပုပ်က ဆိုပါတယ်။

သူ့အနေနဲ့ ထိရောက်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့ လှိုက်လှိုက်လှဲလှဲ တောင်းဆိုကြောင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပုပ်က ပြောကြားသွားခဲ့ပါတယ်။

ပုပ်လီယိုက မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်ရာ အစ္စရေး-ပါလက်စတိုင်း ဆက်စပ် ဒေသတွေ၊ ယူကရိန်းနဲ့ ကမ္ဘာအနှံ့က စစ်ဘေးသင့် နယ်မြေတွေမှာ အဓွန့်ရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိလာစေဖို့ အတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။

တရားမျှတပြီး အရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးကို ကမ္ဘာ့ခေါင်းဆောင်တွေက အားထုတ် ရှာဖွေကြဖို့ အသိအမြင်နဲ့ စွဲမြဲအားထုတ်မှုမျိုး ဘုရားသခင် ပေးသနားဖို့ ဆုတောင်းကြောင်း ပုပ်ရဟန်းမင်းက ပြောပါတယ်။

အသက် ၇၀ အရွယ် ပုပ်လီယိုဟာ ပုပ်ရဟန်းမင်း ရာထူးမှာ တင်မြှောက်ခြင်း ခံရတဲ့ ပထမဆုံး အမေရိကန် နိုင်ငံသားပါ။ အရင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ကွယ်လွန်သွားပြီးတဲ့နောက် မေလ ၈ ရက်နေ့ကစလို့ ပုပ်လီယိုက အရိုက်အရာ ဆက်ခံခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား-Vatican News

ဆက်စပ်သတင်းများ