Connect with us

Hi, what are you looking for?

သတင်း

ခလယ်တံခွန်တိုင်ရွာ ရဲစခန်းကို စစ်ကောင်စီတပ် ပြန်လည်တပ်စွဲ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ခလယ်တံခွန်တိုင်ရွာ ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲလိုက်ပြီးနောက် လက်နက် ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ခလယ်တံခွန်တိုင်ရွာကိုတွေ့ရပုံ ( ပုံဟောင်း)

အောက်တိုဘာ – ၂၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ခလယ်တံခွန်တိုင်ရွာ ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲလိုက်ပြီးနောက် လက်နက် ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်း က စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာကနေတဆင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ကျေးရွာနဲ့ ခလယ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ခလယ်တံခွန်တိုင်ရွာ မှာရှိတဲ့ ဇီးဖြူကုန်းဘုရားမှာ တပ်စွဲပါတယ်။

အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇီးဖြူကုန်းဘုရား အနီးမှာရှိတဲ့ ခလယ်တံခွန်တိုင်ရဲစခန်းဝင်းထဲကို ပြန်လည်ဝင်ရောက်တပ်စွဲလိုက်သလို ခလယ်ကျေးရွာ ကွက်သစ်ရပ်ကွက်အတွင်းမှာလည်း နေရာယူထားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခလယ်တံခွန်တိုင်ရဲစခန်းကို ပြန်လည်နေရာယူလိုက်ပြီးနောက် မနေ့ ( အောက်တိုဘာ ၂၁ ရက်) မှာ စစ်ကောင်စီတပ်က သူတို့အထိုင်ချတပ်စွဲထားတဲ့ ဇီးဖြူကုန်းဘုရားကနေတဆင့် အနီးဝန်းကျင်ကျေးရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာ တံခွန်တိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာဟာ KNU ရဲ့ အုပ်ချုပ်ရေးသတ်မှတ်ချက်အရ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တပ်မဟာ(၆)နယ်မြေထဲမှာရှိတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက ခလယ်တံခွန်တိုင်ရဲစခန်းကို KNU ၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီ ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းအနီးမှာရှိတဲ့ ဇီးဖြူကုန်းဘုရားဆီဆုတ်ပြေးပြီး ဒီနေ့အချိန်အထိ တပ်စွဲထားတာပါ။

စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ကြာအင်းဆိပ်ကြီး-ကျိုက်မရောလမ်းနဲ့ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးလာခဲ့ရာ KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ