အောက်တိုဘာ-၂၂၊၂၀၂၅။မိထက်/People’s Spring
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ဆီပေပါတွေတင်ဆောင်လာတဲ့ ကားတစ်စီး လမ်းဘေးချောက်ထဲကျပြီး မီးလောင်လို့ ကားပေါ်လိုက်ပါလာသူတစ်ဦး သေဆုံးခဲ့ရပါတယ်။
မြေပုံမြို့နယ်၊ တုတ်ချောင်းရွာအနီး ဆင် လန် တောင်အဆင်းမှာ ဒီနေ့ (အောက်တိုဘာလ ၂၂ရက်) မနက်ပိုင်းက ဆီပေပါကားတစ်စီး ချောက်ထဲကျတာလို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
” ကျတော်တို့ သိသလောက်တော့ ကားက လမ်းဘေးချောက်ထဲကျကျချင်း မီးလောင်တာ။ ဆီတွေသယ်လာတဲ့သူ မီးလောင်သွားတယ်။ ငြှိမ်းသတ်လို့ မရဘူးလေ။ မောင်းတဲ့သူကတော့ ခုန်ထွက်ပြီး လွတ်လာတယ်” လို့ ရခိုင်ဒေသခံကပြောပါတယ်။

Public Service Announcement
သေဆုံးသူက မင်းပြားမြို့၊ မေလွမ်းရွာက အသက် ၂၂နှစ်အရွယ် ကိုမျိုးချစ်အောင်ဖြစ်ပြီး လွတ်မြောက်လာတဲ့ ကိုမင်းမင်းကတော့ ဒဏ်ရာရထားတယ်လို့ ရခိုင်ဒေသအခြေစိုက်သတင်းဌာနတွေက ရေးသားထားပါတယ်။
မြေပုံမြို့ဟာ အာရက္ခတပ် တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပြီး ဒီဖြစ်စဉ်ကို AAရဲ့ ရဲလုံခြုံရေးဌာနက စစ်ဆေးနေတယ်လို့ သိရပါတယ်။
(ချောက်ထဲကျ မီးလောင်နေသော ကုန်ကားအား တွေ့ရစဉ်။ ဓာတ်ပုံ – Arakan Princess Media)


















































