အောက်တိုဘာ ၂၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၈၀၈) တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ရေတာရှည်မြို့နယ်၊ ဆွာမြို့နဲ့ (၃)မိုင်လောက်သာဝေးတဲ့ ရွာသစ်ကျေးရွာက စစ်ကောင်စီတပ်အထိုင်စခန်းနဲ့ ကာကင်းတွေကို နေပြည်တော်တိုင်းစစ်ဌာနလက် အောက်တပ်ရင်းတွေက အောက်တိုဘာ ၂၀ရက်မှာ သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်က အင်အားဖြည့်နေတာလို့ ဆိုပါတယ်။
“အထိနာထားတဲ့စကစဘက်ကတော့ အင်အားဖြည့်တင်းတာရှိပါတယ်။နှစ်ဖက်တိုက်ပွဲတွေဆက်ပြီးပြင်းထန်နိုင်တယ်”လို့ အထက်ပါတာဝန်ရှိသူက စစ်ရေးအခြေအနေအပေါ် ရှင်းပြပါတယ်။

Public Service Announcement
ရေတာရှည်မြို့နယ်စစ်ရေးသတင်းရင်းမြစ်ကလည်း “ဆွာမှာကိုက ခလရ(၁၉)နဲ့ (၈၄)ရှိတယ်။ရေနီ မြို့ဘက်ကနေလည်း အင်အားတိုးလာတယ်လည်း ကြားတယ်။စုစုပေါင်း ၃၀၀ ဝန်းကျင်လောက်တော့ရှိလိမ့်မယ်”လို့ ခန့်မှန်းပြောပါတယ်။
လက်တလောမှာတော့ စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ကို စောင့်ကြည့်နေဆဲဖြစ်ပြီး နှစ်ဖက်ထိတွေ့မှုမရှိသေးဘူးလို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ရွာစစ်ကောင်စီတပ်စခန်းကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအဆင့် စစ်ဆင်ရေးနဲ့အကောင်အထည်ဖော်ခဲ့တာလို့ သိရပါတယ်။
ရွာသစ်ကျေးရွာမှာစစ်ကောင်စီတပ်က အင်အား (၆၀)ဝန်းကျင်နဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက အထိုင် စခန်းချထားတာဖြစ်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် (၁၅)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှစ်ဦး ဖမ်းဆီးရကာ တပ်ရင်းမှူးညီညီနိုင်ကို လက်ရဖမ်းဆီးချိန်မှာ ပစ္စတိုထုတ်ပြီး ခုခံတာကြောင့် အသေပစ်သတ်လိုက်ရတယ်လို့ အသိပေးထားပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ ဒရုန်းဖြတ်စက်အပါအဝင် MA-11 တစ်လက်၊ MA-3 တစ်လက်၊ G3 သုံးလက်၊ ၆၀မမတစ်လက်၊ ပစ္စတို တစ်လက်၊၆၀မမကျည်ငါးလုံး ကျည်ဘောက်၁၀ခု၊ကျည်မျိုးစုံ(၁၀၀၀)ဝန်းကျင်နဲ့ မီးစက်တစ်လုံးလည်း သိမ်းရခဲ့တယ်လို့ ဖော်ပြပါတယ်။


















































