အောက်တိုဘာ-၂၂၊၂၀၂၅။People’s Spring
မလေးရှားမှာဖမ်းဆီးခေါ်ဆောင်သွားတာ ခံရတဲ့နောက် မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီရဲ့ ချုပ်နှောင်မှုကို ခံထားရတဲ့ ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူအမျိုးသမီးနဲ့မိသားစုပြန်လည်လွတ်မြောက်ရေး ကူညီပေးဖို့ မလေးရှား အစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ၊ရွှေ့ပြောင်း ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတစ်ဦးဖြစ်တဲ့ ဒေါ်သူဇာမောင်၊ ခင်ပွန်းဖြစ်သူနဲ့ သားသမီး ၃ ဦးဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ နေအိမ်မှာ အမည်မသိ အမျိုးသားတစ်စုရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။ အဲဒီတုန်းကသူတို့ကိုလာရောက် ဖမ်းဆီးသူတွေဟာ မလေးရှား ရဲတပ်ဖွဲ့သုံး ကားတစ်စီးနဲ့ ရောက်လာခဲ့ပေမယ့် နောက်ပိုင်း စစ်ဆေးမှုအရ အဲဒီကားဟာရဲတပ်ဖွဲ့ပိုင်နံပါတ်မဟုတ်ဘူးလို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာဒေါ်သူဇာမောင်တို့မိသားစုရဲ့ သတင်းအစအန ပျောက်ကွယ်နေခဲ့ပါတယ်။ အခုလမှာတော့ စစ်ကောင်စီက သူတို့ မိသားစုဝင် ၅ ဦးစလုံးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement
ဒေါ်သူဇာမောင်တို့ မိသားစုဟာ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာချိန်မှာ အဖမ်းခံခဲ့ရတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ဒါပေမဲ့သူတို့မိသားစုဟာ မြန်မာနိုင်ငံကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လာတာလား၊ အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတာလားဆိုတာကိုတော့စစ်ကောင်စီက တိတိကျကျ မပြောပါဘူး။
စစ်ကောင်စီကို လိုလားထောက်ခံတဲ့ Telegram channelတွေမှာတော့ ဒေါ်သူဇာမောင်ဟာ သူထူထောင်ထားတဲ့အဖွဲ့အစည်းတချို့ကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အတွက် ရန်ပုံငွေ စုဆောင်း ရှာဖွေပေးနေခဲ့တာကြောင့် အခုလို အဖမ်းခံခဲ့ရတာလို့ ဖော်ပြကြပါတယ်။
HRW ကတော့ ဒေါ်သူဇာမောင်တို့ မိသားစု ပျောက်ဆုံးခဲ့တဲ့ အမှုဟောင်းကို ချက်ချင်း ပြန်ဖွင့်ပြီး သူတို့မိသားစု အဖမ်းခံရတဲ့ အကြောင်းကို အထူးတလည် အာရုံစိုက် စုံစမ်းပေးဖို့ မလေးရှား အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ စစ်ကောင်စီက နယ်စပ်ဖြတ်ကျော် ဖိနှိပ်မှုတွေပါ ကျူးလွန်ပြီးပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ အထောက်အထားတစ်ခု ဖြစ်နိုင်တယ်လို့ HRW က ပြောပါတယ်။
HRW ရဲ့အာရှရေးရာဌာန ညွှန်ကြားရေးမှူးအီလိန်း ပီယာဆန်ကမလေးရှားအစိုးရဟာဒေါ်သူဇာမောင်နဲ့ မိသားစု ပြန်လည် လွတ်မြောက်ရေးအတွက် မြန်မာဖက်ကို ဖိအားပေးသင့်သလိုသူတို့တွေ မြန်မာနိုင်ငံဆီ ဘယ်လို ပြန်ရောက်သွားသလဲ ဆိုတာကိုတိတိကျကျဖော်ထုတ်စုံစမ်းသင့်ကြောင်း တိုက်တွန်း တောင်းဆိုသွားပါတယ်။
HRWကတော့ မလေးရှား အစိုးရဟာ ကလေးတွေ အပါအဝင် ဒုက္ခသည်တွေကို အကာ အကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေခံနေကြောင်း ဝေဖန်ခဲ့ပါတယ်။
ဒေါ်သူဇာမောင်ဟာ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကနေထွက်ပြေးလာခဲ့သူဖြစ်ပြီးကုလသမဂ္ဂက ဒုက္ခသည် တစ်ဦးအဖြစ် တရားဝင် အသိအမှတ် ပြုထားပါတယ်။ သူဟာ မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ မလေးရှားရောက်ဒုက္ခသည်တွေ၊ရွှေ့ပြောင်း အခြေချသူတွေ အခွင့်အရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားနေခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာတော့ သူဟာ မိသားစုနဲ့အတူ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။
အဲဒီနှစ် စက်တင်ဘာလမှာတော့မလေးရှားအစိုးရက ဒီဖြစ်စဉ်မှာ ပြန်ပေးဆွဲ ခံရတဲ့ လက္ခဏာမျိုး မတွေ့ဘူးလို့ ကြေညာခဲ့ပါတယ်။နောက်ပြီး ပျောက်ဆုံးနေတဲ့ မိသားစုနဲ့ ပတ်သက်လို့ နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်)ဆီလည်း ဆက်သွယ် အသိပေးထားကြောင်းမလေးရှားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ပီယာဆန်ကတော့ ဒေါ်သူဇာမောင်နဲ့ မိသားစုဟာ ဘေးရန်ကင်းကင်း ရှိခဲ့သင့်ကြောင်း၊ မလေးရှားနဲ့ တခြားနိုင်ငံ အစိုးရ အသီးသီး အနေနဲ့ ဒုက္ခသည်တွေကို စစ်ကောင်စီက ပြန်ပေးဆွဲပြီး ဖျောက်ဖျက်ဖို့ကြိုးစားနေတာတွေကိုထိထိရောက်ရောက် ဟန့်တားကြဖို့လိုကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား-HRW


















































