အောက်တိုဘာ-၂၂၊ ၂၀၂၅။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အိမ်ခြံမြေပွဲစားလုပ်တဲ့ ရှေ့နေတဦး ပြန်ပေးဆွဲခံရပြီး ဖမ်းခေါ်သွားသူတွေက ကျပ်သိန်းငါးထောင်နဲ့ ပြန်ရွေးခိုင်းနေကြောင်း မြို့ခံအချို့က ပြောပါတယ်။
မနေ့က အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက မုံရွာမြို့ပေါ်မှာ အိမ်ခြံမြေပွဲစားလည်းလုပ်၊ ရှေ့နေလည်းလုပ်တဲ့ အမျိုးသားတဦးဟာ ခြံကြည့်ချင်လို့ လိုက်ပြဖို့ဖုန်းဆက်ခေါ်လို့သွားချိန် ပြန်ပေးဆွဲခံရလိုက်ရကြောင်း နီးစပ်သူအချို့က ပြောပါတယ်။
“အိမ်လိုက်ပြဆိုပြီး ဖုန်းဆက်ခေါ်လို့သွားတာ။ သူတို့ချိန်းတဲ့နေရာရောက်တော့ ပြန်ပေးဆွဲသွားတာ။”လို့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement
ပြန်ပေးဆွဲခံရသူရဲ့ကားပါသွားပြီး ၎င်းကို လွှတ်ပေးဖို့အတွက် ကျပ်သိန်းငါးထောင်တောင်းနေကြောင်း နီးစပ်သူတွေက ဆိုပါတယ်။
“မုံရွာမှာ နည်းနည်းလေး နာမည်မထွက်လိုက်နဲ့ ထွက်လိုက်တာနဲ့ အဲကောင်ပြန်ပေးဆွဲခံရပြီသာမှတ်။ ဒါကြောင့်တော်တော်များများလည်း မုံရွာမှာ မရှိကြတော့ဘူး။ အကုန်ပြေးကြပြီ။”လို့ မုံရွာမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
မုံရွာမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုကင်းမဲ့လာပြီး ခိုးမှု၊ လူသတ်ဓါးပြမှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မုံရွာနယ်တဝိုက်မှာလည်း အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းကနေပါ လူနေကျေးရွာတွေကို တိုက်ခိုက်နေပါတယ်။


















































