အောက်တိုဘာ-၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။
ဒီကနေ့ (အောက်တိုဘာ ၂၂ရက်)မနက် ၄နာရီခန့်နဲ့ ၈နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာဖြစ်ပြီး မြေပြင်မှာလည်း ပစ်ခတ်သံတွေကြားတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။
” စကစက အင်အားတွေ တိုးပြီး ဝင်လာတာ။ လေကြောင်းကတော့ ဆက်တိုက်ပျံပြီး ကြဲတာ။ လက်နက်ကြီးတွေလည်းပစ်နေတယ်”လို့ ဝိုင်းမော်မြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လမြန်ရွာဟာ ကချင်လွတ်လပ်ရေးတပ်မေတာ်(KIA) ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။
စစ်ကောင်စီက ဩဂုတ်လနှောင်းပိုင်းမှာ မြစ်ကြီးနားမြို့ကတဆင့် စစ်ကြောင်းတွေ ဝင်လာပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စက်တင်ဘာလ တိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတစ်ခုကို KIA၊ KPDF ပူးပေါင်းတပ်က သိမ်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကတိုက်ပွဲမှာလည်း စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ရဲ့ကင်းစခန်း ၂ခုကို KIA၊ KPDFက သိမ်းယူခဲ့ပါတယ်။
တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေသလို မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကနေ လက်နက် ကြီးတွေ ပစ်နေတယ်လို့ သတင်းရရှိပါတယ်။
တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းမှာ လမြန်ရွာအနီးရှိ နမ့်ဝါကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်မိသားစုဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီနေ့လည်း လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကြောင့် စာသင်ကျောင်းတွေပိတ်လိုက်တယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ KIAထိန်းချုပ်ထားတဲ့ဒေသတွေကို ပြည်သူ့စစ်တွေတပ်ဖွဲ့တွေ၊ စစ်မှုထမ်းသင်တန်းဆင်းတွေအသုံးချပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေပါတယ်။ လက်ရှိမှာ ဝိုင်းမော်မြို့နယ်အပြင် ဖားကန့်နဲ့ ဗန်းမော်မြို့မှာလည်း စစ်ရေးတင်းမာနေပါတယ်။
မနေ့ကအောက်တိုဘာ၂၁ရက်မနက်ပိုင်းမှာဖားကန့်မြို့နယ်က KIAထိန်း ချုပ်ဒေသကို Y12လေယာဉ်နဲ့ ဗုံးလုံး၄၀ကျော်ကြဲချခဲ့ပါတယ်။ မြေပြင်မှာ ထိခိုက်မှုမရှိပေမယ့် စစ်ကောင်စီရဲ့ဝါဒဖြန့်ချိ ရေးသမားတွေက သတင်းအမှားတွေ ဖြန့်ဝေခဲ့ကြပါတယ်။


















































