အောက်တိုဘာ-၂၂၊၂၀၂၅။People’s Spring
မလေးရှားနိုင်ငံတောင်ပိုင်းမှာမြန်မာနှစ်ဦး ဓားထိုးခံရပြီးသေဆုံးမှုဟာလူသတ်ပြီးသေကြောင်းကြံစည်မှုဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့က ဂျဟိုးဘာရူးရဲ့မောင့်အော်စတင်ဧရိယာကစျေးဆိုင်တွေ၊ စား
သောက်ဆိုင်တွေ စည်ကားရာ ဧရိယာ တစ်ခုမှာ ဓားဒဏ်ရာတွေကြောင့် သေဆုံးနေတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။
လူသတ်မှုရဲ့ တရားခံလို့ယူဆရသူအသက်၂၄ နှစ်အရွယ်အမျိုးသားကိုလည်းအနီးမှာပဲ ၂၄ စင်တီမီတာ အသွားရှည်တဲ့ ဓားတစ်ချောင်းနဲ့အတူ သေဆုံးလျက်သား တွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ သူဟာ သေဆုံးသူရဲ့ ရည်းစားဟောင်းလို့ ယုံကြည်ရပြီး လူသတ်မှု ကျူးလွန်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်ဓားနဲ့ထိုးအဆုံးစီရင်ခဲ့တယ်လို့ စုံထောက်တွေကကောက်ချက်ချခဲ့ပါတယ်။

Public Service Announcement
နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး အမျိုးသမီးဟာ အလုပ်သမား အဆောင်တစ်ခုထဲမှာအသတ်ခံခဲ့ရတာလို့ သိရပါတယ်။
တိုက်ခိုက်မှုကိုဝင်ပြီးဖြန်ဖြေဖို့ကြိုးစားခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် မလေးရှား အမျိုးသား တစ်ဦးနဲ့ အသက် ၂၃ နှစ်အရွယ်နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးတို့ကတော့ ဓားဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတက်နေရတယ်လို့လည်း မလေးရှားရဲ့ Daily Star သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ညပိုင်းအချိန်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အမျိုးသားရဲ့ လှေကားရင်း၊ သွေးအိုင်ထဲ လဲနေတဲ့ ရုပ်အလောင်း ဓာတ်ပုံဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့ပါတယ်။ လူသတ်မှုအပြီး အဲဒီနေရာ တဝိုက်မှာ လူစုလူဝေးလည်း ဖြစ်သွားခဲ့ပါသေးတယ်။
မလေးရှားက စာသင်ကျောင်း တစ်ခုမှာ ဓားထိုးခံရလို့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးခဲ့တဲ့ ဟိုးလေးတကျော် ဖြစ်စဉ်အပြီး အခုသတင်းကို ကြားရတာပါ။ ပက်တလီယန်ဂျာယာမှာရှိတဲ့ စာသင်ကျောင်း တိုက်ခိုက်မှု တရားခံဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသားကိုတော့ ရဲတွေက ထိန်းသိမ်းထားပါတယ်။
ကိုးကား-Straits Times


















































