မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်ကျားဖြန့်)ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ Starlink အင်တာနက် ချိတ်ဆက်မှု ကိရိယာပေါင်း ၂၅၀၀ ကျော်ကို ပိတ်ချခဲ့ပြီး ဖြစ်ကြောင်း Starlinkရဲ့ မိခင် ကုမ္ပဏီ SpaceXက ပြောကြားခဲ့ပါတယ်။

ကမ္ဘာကျော် နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ထူထောင်ထားတဲ့ SpaceXရဲ့ လက်အောက်ခံ အင်တာနက် ဝန်ဆောင်မှုကို ထိုင်းနိုင်ငံနဲ့ နယ်စပ်နားက ကျားဖြန့်ဂိုဏ်းတွေက အသုံးချပြီး အမေရိကန် ပြည်သူတွေ နစ်နာစေမယ့် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ် အမေရိကန် လွှတ်တော်က ကြားနာ စစ်ဆေးနေပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ SpaceXရဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးက မြန်မာနိုင်ငံ အခြေစိုက် ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်နွှယ် ပတ်သက်နေနိုင်တဲ့ Starlink ချိတ်ဆက်မှု ကိရိယာ ၂၅၀၀ ကျော်ကို အင်တာနက် သုံးလို့ မရအောင် ပိတ်ထားပြီး ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
SpaceX အနေနဲ့ မြန်မာနိုင်ငံထဲကငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ဆက်နွှယ်တယ်လို့ ယူဆရတဲ့ နေရာတွေ တဝိုက်က အင်တာနက် ချိတ်ဆက်ထားတဲ့ စက်အလုံးရေ ၂၅၀၀ ကျော်ဆီ ဆက်သွယ်မှု ပိတ်ချထားကြောင်း လော်ရန် ဒရိုင်ယာက ဆိုပါတယ်။
AFP သတင်းထောက်တစ်ဦးကကရင်ပြည်နယ်ထဲကမြန်မာနိုင်ငံရဲ့ အဓိကကျားဖြန့် ရပ်ဝန်းလို့ သတ်မှတ်ခံရတဲ့ ကေကေပက်ခ်ကနေ တိမ်းရှောင် ထွက်ပြေးလာသူ ရာနဲ့ချီ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မြဝတီမြို့နယ်နဲ့ KK Park အပါအဝင် ထိုင်းနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ မြန်မာနိုင်ငံ အခြေစိုက် ကျားဖြန့်လုပ်ငန်းတွေ အဓိက အခြေစိုက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။
တရုတ်ရဲ့ ဖိအားပေးမှုကြောင့် နယ်စပ်ကျားဖြန့် လုပ်ငန်းတွေကို ထိထိရောက်ရောက်ဖိအားပေးလာတဲ့ထိုင်းအစိုးရဟာမြန်မာဖက်ခြမ်းဆီ အင်တာနက် ထောက်ပံ့မှု ဖြတ်တောက်ခဲ့ပြီး အဲဒီအတွက်လည်း ကျားဖြန့်ဂိုဏ်းတွေက Starlink ကွန်ရက်ကို မှီခို အသုံးပြုလာကြတာပါ။
စစ်ကောင်စီတပ်က အခုသီတင်းပတ်ထဲမှာ KK Park ကို ဝင်ရောက် စီးနင်းပြီး Starlink ချိတ်ဆက်တဲ့ စက်ပေါင်း ၃၀ လောက်ကို သိမ်းယူခဲ့တယ်လို့ ကြေညာပေမယ့် လက်တွေ့ အသုံးပြုနေကြတဲ့ အရေအတွက်နဲ့ ယှဉ်ရင် အဖျားအနားလောက်သာ ရှိနိုင်ကြောင်း လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။


















































