အောက်တိုဘာ-၂၂၊၂၀၂၅။တာရာ/People’s Spring
အာဏာသိမ်းစစ်တပ်လက်အောက် ရန်ကုန်မှာတည်ငြိမ်အေးချမ်းမှုကို ပြသဖို့အတွက်ဆိုပြီးပွဲတွေမပြတ်အောင် စီစဉ်ကျင်းပရမယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ ပွဲစီစဉ်သူတွေထံကနေ စုံစမ်းသိရပါတယ်။
ရန်ကုန်မှာ ရာသီချိန်ခါမဟုတ်ပဲ ပွဲဈေးတွေကို မြို့နယ်အလိုက် ကျင်းပပြုလုပ်နေတာဖြစ်ပြီး စစ်တပ်လက်အောက်ခံ YMBA ကဦးဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။
YMBA ကတဆင့် ပွဲတွေလုပ်ဖို့ သက်ဆိုင်ရာ မြို့နယ်တွေကိုညွှန်ကြားတာလို့သိရပါတယ် ။ဒီအတွက် YMBA က ဆိုင်ခန်းခတွေရတယ်လို့စုံစမ်းသိရပါတယ် ။

Public Service Announcement
လူစည်တဲ့ ပွဲဈေးတွေမှာဆိုင်ခန်းတစ်ခန်းကို တစ်ရက်ကို ဆိုင်ခန်းခ သိန်းချီပေးရတယ်လို့လည်းသိရပါတယ်။ပွဲဈေးတွေမှာ လောင်းကစားဝိုင်းအချို့လည်းပါလေ့ရှိတယ်လို့ ဆိုင်ဖွင့်ရောင်းသူအချို့ကပြောပါတယ်။
“ဘုရားပွဲတော်ကလိုသေးတယ်။သက်သက်ပျော်ပွဲရွှင်ပွဲဆိုပြီးလုပ်တာ။အပေါ်ကလည်း ပွဲဈေးလုပ်ရမယ်ဆိုပြီး ညွှန်ကြားထားတာရှိတယ်” လို့ ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်အုပ်စုကပွဲတွေ ဆက်တိုက်လုပ်ရမယ်ဆိုတာကြောင့် တောင်ဥက္ကလာပ ခုနှစ်ဆူဘုရားနားမှာလည်း မကြာခဏပွဲဈေးလုပ်နေပါတယ်။ဒါအပြင် ကျွန်းတောပွဲဈေးကိုလည်း ဒီရာသီမှာပဲ နှစ်ကြိမ်လုပ်ခဲ့ပါတယ်။
ဒါ့အပြင် သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ မြောက်ဒဂုံမြို့နယ်စတဲ့ မြို့နယ်တွေမှာ ပွဲဈေးတွေလုပ်နေကြပါတယ်။ ပွဲဈေးပြုလုပ်တာမှာ တစ်ပါတ်ခန့်ကြာမြင့်တယ်လို့ သိရပါတယ်။
ပွဲဈေးတွေလုပ်ခိုင်းပြီးတစ်ဖက်မှာလည်း ပွဲဈေးကအပြန် လူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေရှိခဲ့ပါတယ်။
“ရေကျော်ပွဲဈေးကအပြန်အဖမ်းခံရတာ။ ၆ သိန်းနဲ့သွားပြန်ထုတ်လာရတာ။ ဘာအမှုနဲ့လဲဖမ်းလဲဆိုတော့ မူးယစ်မှောင်ခိုမှုတယ့်။ လက်ထဲဘီယာဘူးကိုင်ပြီး ပွဲဈေးကနေပြန်လာတာကို မူးယစ်မှောင်ခိုဆိုတော့ ပြောစရာစကားကမရှိတော့ဘူး” လို့ ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးကပြောပါတယ်။
ငွေကြေးမတတ်နိုင်သူတွေကိုတော့ စစ်သားစုဆောင်းရေးနဲ့ စစ်ကြောရေးကို ပို့တယ်လို့စုံစမ်းသိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတစ်ဦးကလည်း“ဒီဇင်ဘာအထိ ပျော်ပွဲရွှင်ပွဲတွေ မပျက်ဖို့ ညွှန်ကြားထားပါတယ်။ အခု ပြည်သူ့ရင်ပြင်မှာ ဆိုရင်လည်း မီးပုံးတွေ၊ စတိတ်စင်တွေ ဆောက်နေတယ်။ ဒါက သီတင်းကျွတ်ပွဲတင် မဟုတ်ဘူး။ သီတင်းကျွတ်ပြီးရင်လည်း စျေးပွဲတော်တွေပါ တောက်လျှောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်” လို့ People’s Spring ကိုပြောတယ်။
ပွဲတွေ လုပ်ဖို့ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို မှာကြားထားပြီး အချို့ဒေသတွေမှာ ပွဲရဲ့ကုန်ကျစရိတ်တွေကို ပြည်သူတွေဆီကကောက်ခံနေကြောင်းလည်း ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်ကပဲ ရပ်ကွက်အုပ်ကြီးက အိမ်ကို သီတင်းကျွတ်အတွက် အလှူငွေ ဆိုပြီး လာကောက်သွားတယ်။ အရင်က ကိုယ်တတ်နိုင်သလောက် ထည့်လို့ရတယ်။ အခုက တစ်အိမ်ကို ၃ သောင်း၊ ၅ သောင်း ဆိုပြီး လူဦးရေ အရေအတွက်နဲ့ ကောက်သွားတယ်။ ဘာမှလည်း မဆိုင်ဘူး။ ကျွန်းတောလမ်းပွဲစျေးရက်ကဆို အိမ်နားမှာ ရှုပ်ယှက်ခတ်နေပြီး ကားစီးရတာ၊အိမ်ပြန်ရတာလည်း ခက်တယ်။ နားတွေအရမ်းညည်းပါတယ်” လို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ပွဲစျေးအနီးအနားက စျေးဆိုင်တွေကိုလည်း ဆိုင်ခန်းခ ဆိုပြီး မဖြစ်မနေ ထပ်မံထည့်ဝင်ရကြောင်း ကျွန်းတောလမ်းနေ ဆိုင်ခန်းရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က အရင်ထဲက ဒီလမ်းပေါ်မှာ စားသောက်ဆိုင်လေးဖွင့်ထားတာပါ။ အခုကပွဲစျေး ဆိုင်ခန်းခ ဆိုပြီး တစ်ရက်ကို သုံးသောင်းထပ်ကောက်တယ်။ ဒီနားက ဆိုင်တွေက ပွဲစျေးမှ ရောင်းတာလည်း မဟုတ်ဘူးလေ။ အဲ့တာကို အတင်းအကြပ်လိုက်ကောက်တော့ မပေးချင်လည်း ပေးရတယ်။ ပွဲစျေးမှာ ဆိုင်က ပိုလည်းမရောင်းရပါဘူး။ ပုံမှန်အတိုင်းပါပဲ။ လူတောင်ပိုရှုပ်သေးတယ်” လို့ ကျွန်းတောလမ်းပေါ်က ဆိုင်ခန်းရှင်တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုက ဒီဇင်ဘာလကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်ဖို့စီစဥ်နေပြီး ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ အေးချမ်းနေသယောင် ပြသဖို့ ပျော်ပွဲရွှင်ပွဲတွေ ကို ဖိအားပေးလုပ်ခိုင်းနေတာလို့ ပြည်သူအချို့ကပြောပါတယ် ။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီက စည်ကားသယောင် ဖန်တီးနေတဲ့ ပျော်ပွဲရွှင်ပွဲတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။





















































