Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးသင့်ဒေသမှာ စာအုပ်တွေလိုက်ငှားပေးခဲ့တဲ့ ရွေ့လျားစာကြည့်တိုက်ကလူငယ် စစ်တပ်ဗုံးကြဲမှုကြောင့် ကွယ်လွန်

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်သီတင်းကျွတ်ညဆီမီးထွန်းပွဲမှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ရွေ့လျားစာကြည့်တိုက်အဖွဲ့ဝင် အသက်(၁၇)နှစ်အရွယ် ကိုမြင့်မြတ်မျိုးဟာ အဲဒီဒဏ်ရာနဲ့ပဲ အောက်တိုဘာ ၂၁ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။

အောက်တိုဘာ-၂၂၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်သီတင်းကျွတ်ညဆီမီးထွန်းပွဲမှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ရွေ့လျားစာကြည့်တိုက်အဖွဲ့ဝင် အသက်(၁၇)နှစ်အရွယ် ကိုမြင့်မြတ်မျိုးဟာ အဲဒီဒဏ်ရာနဲ့ပဲ အောက်တိုဘာ ၂၁ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊မုံရွာတောင်နယ်၊ A3Y လူငယ် အပတ်စဉ် ရွေ့လျားစာကြည့်တိုက်အဖွဲ့ဝင် ရဲဘော် ကိုမြင့်မြတ်မျိုးဟာ၂၀၂၅ အောက်တိုဘာ ၆ ရက်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆီမီးသပိတ်လှုပ်ရှားမှုပြုလုပ်နေချိန် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာများကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်းအောက်တို ဘာ၂၁ရက်မှာ ကျဆုံးခဲ့ရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

၎င်း ရဲဘော်ဟာ နွေဦးတော်လှန်ရေးမှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊မုံရွာတောင်နယ်၊ A3Y လူငယ်အပတ်စဉ် ရွေ့လျားစာကြည့် တိုက်မှာတာဝန်ယူပြီးပြည်သူလူထုအကျိုးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့တဲ့ ရဲဘော်အဖြစ်လည်းကောင်း၊ နွေဦးတော်လှန်ရေးတွင် ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ရဲဘော်အဖြစ်လည်းကောင်း နွေဦးတော်လှန်ရေး သူရဲကောင်းအဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ အသိပေးပါတယ်။

ကိုမြင့်မြတ်မျိုးဟာ A3Y လူငယ်အပတ်စဉ်ရွေ့လျားစာကြည့်တိုက်ရဲ့ စာအုပ်ထိန်းသိမ်းရေးတာဝန်ခံဖြစ်ပြီး စစ်ဘေးသင့်ဒေသမှာ စာအုပ်တွေငှားရမ်းပေးဖို့ တာဝန်ယူခဲ့သူလို့ သိရပါတယ်။

ကျဆုံးရဲဘော် ယုံကြည်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တရပ် တည်ဆောက်နိုင်ရေးအတွက် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ရဲဘော်တွေဟာ ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ကြိုးပမ်းသွားမယ်လို့မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ကတိပြုပါတယ်။

သီတင်းကျွတ်လပြည့်ညက စစ်ကောင်စီရဲ့ဗုံးကြဲမှုကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရကာ နှစ်ပတ်ကျော်ကြာတဲ့အထိ ဆေးကုသနေရဆဲဖြစ်ကြောင်း သိရပါတယ်။

(ကွယ်လွန်သွားခဲ့တဲ့ ရွေ့လျားစာကြည့်တိုက် အဖွဲ့ဝင် အသက် ၁၇ နှစ်အရွယ် ကိုမြင့်မြတ်မျိုး ဓာတ်ပုံ-Moe Htet Myint Hkaung)

ဆက်စပ်သတင်းများ