Connect with us

Hi, what are you looking for?

သတင်း

KK Park က ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ရွှေကုက္ကိုလ်မြို့သစ်မှာ ခိုလှုံ

ထိုင်း – မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းထဲက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ – ၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းထဲက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“တရုတ်တွေ ရွှေကုက္ကိုလ်ထဲပြေးလာတယ်” လို့ ရွှေကုက္ကိုလ်မြို့ ခံ အဲဒီ သတင်းရင်းမြစ်ဆိုပါတယ်။

KK Park ဝင်းကို စစ်ကောင်စီတပ်က ထပ်မံ စီးနင်းမယ်ဆိုတဲ့သတင်းကြောင့် အဲဒီစီမံကိန်းနေရာက တရုတ်နိုင်ငံသားတွေနဲ့ လုပ်သားတွေဟာ မနေ့ (အောက်တိုဘာလ ၂၂ ရက် )မှာ အလုံးအရင်းနဲ့ တိမ်းရှောင်ကြရာမှာ မြဝတီမြို့ ဆီ ဦးတည်တဲ့သူတွေရှိသလို နယ်ခြားသောင်ရင်းမြစ်ကိုကူးပြီးထိုင်းဘက်ထွက်ပြေးသူတွေလည်ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ကတော့ မြဝတီမြို့ဆီ KK Park ကနေ တိမ်းရှောင်လာသူတွေ အများအပြားရောက်ချလာပြီး မြဝတီကို ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ် မြို့သစ်ဆီ ထပ်မံ ခိုလှုံကြတာလို့သတင်းရင်းမြစ်က ပြောပါတယ်။

မြ၀တီမှာတော့ တည်းခိုခန်း၊ ဟိုတယ်၊ ဌားစားတဲ့ နေအိမ်တွေ ၊ အခန်းဌားရာနေရာတွေမှာ လူဌားတွေနဲ့ ပြည့်နှက်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က KK Park ကို ထပ်မံ မစီးနင်းခင် ရွှေ့ပြောင်းဖို့အတွက် အချိန်နှစ်ရက် ပေးထားတာလို့ သိရပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park ဟာကရင်နယ်ခြားစောင့်တပ်( BGF) အမှတ်(၂)စစ်ဒေသမှုး ဗိုလ်မှုးချုပ်စောတင်ဝင်းနဲ့ အမှတ်(၄)စစ်ဒေသမှုး ဗိုလ်မှုးချုပ်စောမို့သိုတို့ရဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတစ်နေရာလည်း ဖြစ်ပါတယ်။

ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက အွန်လိုင်းငွေလိမ် စင်တာတွေဟာ နှိမ်နင်းနေတဲ့ကြားကနေ ကြီးထွားလာနေပြီး အဆောက်အဦးတွေပေါ်မှာ စတားလင့်ခ်( Starlink) ဂြိုဟ်တု အင်တာနက် စက်တွေ အများအပြား တပ်ဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် ကွန်ဂရက်ရဲ့ စီးပွားရေးကော်မတီက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်မှာ စစ်ကောင်စီတပ် က KK Park ကို အချိန်ကိုက် ဝင်စီးတာတွေ လုပ်ပြလာပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ Starlink စက် အလုံး ၃၀ ၊ အလုပ်သမားအမျိုးသား၊ အမျိုးသမီး ၊လုံခြုံရေး စုစုပေါင်း ဦးရေ နှစ်ထောင်ကျော် တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြဝတီမြို့ခံသတင်းရင်းမြစ်ကတော့ KK Park ကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးတာဟာ BGF နဲ့ကြိုတင်ညှိနှိုင်းပြီးမှဟန်ပြသဘောလောက် သာ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီ ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice For Myanmar အဖွဲ့ကလည်း KK Park ကို စီးနင်းမှုဟာ အာဆီယံ အစည်းအဝေးမတိုင်ခင် အချိန်ကိုက်လုပ်ဆောင်တဲ့ အယောင်ပြစီးနင်းမှုဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

KK Park ကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ သွားရောက်ခိုလှုံ့တဲ့ BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်ဟာလည်း ကျားဖြန့် နဲ့ နာမည်ဆိုးထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ BGF က ရွှေကုက္ကိုလ် မြို့သစ်က အလုပ်ရုံတွေကို စီးနင်းပြီး တရုတ်နိုင်ငံသားတွေကို ပြန်ပို့တာတွေ ပြုလုပ်ထားသလို ကျားဖြန့်နဲ့ပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။