Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်ကို စစ်ကောင်စီရွေးကော်က ဝင်ရောက်ယှဥ်ပြိုင်ခွင့် ပိတ်

အောက်တိုဘာ ၂၅ ရက်ညမှာ ဖေ့စ်ဘုတ်မှလိုက် လွှင့်ပြီး အမေးအဖြေ အစီအစဥ်ကို​ဒေါ်သက်သက်ခိုင် အသိမ​ပေးဘဲဖျက်သိမ်း

အောက်တိုဘာ-၁၅၊ ၂၀၂၅။တာရာ/ People’s Spring

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရှိတော့ဘူးလို့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်ပါတယ်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ငြိစွန်းနေတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်တာဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကော်က ဆိုပါတယ်။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၅) ‘ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်သူများနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသူများ’မှာ ပုဒ်မ ၈(ဃ)ပါဝင်ပြီး အဲဒီပြဌာန်းချက်မှာ ‘နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့်ပေးရန် တာဝန်များကင်းရှင်းသူ’လို့ ဖော်ပြပါတယ်။ အဲဒီပုဒ်မနဲ့ ငြိစွန်းနေတယ်လို့ စစ်ကောင်စီကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ ဒေါ်သက်သက်ခိုင်ဟာ အကြွေးမကင်းရှင်းဘူးလို့ နားလည်ရပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ကွန်ဒိုအိမ်ရာစီမံကိန်းတွေကြောင့် ငွေကျပ်ဘီလျံ ​ပေါင်းများစွာကို​ ဘဏ်​ချေး​ငွေယူထားတဲ့ ကမ္ဘောဇဘဏ်ကို ပြန်လည်ပေးဆပ်ဖို့ ကျန်ရှိနေတာဖြစ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်သက်သက်ခိုင်ဟာ အောက်တိုဘာ ၂၅ ရက် ဒီနေ့ ညပိုင်းမှာ ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ Live လွှင့်ပြီး အမေးအဖြေကဏ္ဍပြုလုပ်ဖို့ စီစဥ်ထားခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အဲဒီအစီအစဥ်ကို ဖျက်သိမ်းခဲ့ပါတယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဋ္ဌတာဝန်ယူထားသူဟာ ပြည်သူလူထုနဲ့ အွန်လိုင်းကနေ အမေးအဖြေပြုလုပ်မယ်လို့ ကြိုတင်ကြေညာထားမှုကိုပြန်လည်တောင်းပန်မှု၊ အသိပေးရှင်းပြမှုမလုပ်ဘဲ ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်ဟာစစ်တပ် အာဏာမသိမ်းခင်ကတည်းက စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရခဲ့ပေမယ့် ၂၀၁၈ မှာ ပါတီက သူ့ကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၈ မှာပဲ ဒေါ်သက်သက်ခိုင်ဟာ NLD ပါတီကနေ နုတ်ထွက်ခဲ့ပြီး ၂၀၁၉ မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို တည်ထောင်ခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မရမ်းကုန်းမြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ NLD ပါတီက ဒေါက်တာမေဝင်းမြင့်က မရမ်းကုန်းမြို့နယ်မှာ ဆန္ဒမဲပေါင်း ၉၁,၀၉၆ မဲနဲ့ အပြတ်အသတ်အနိုင်ရခဲ့ပြီး ဒေါ်သက်သက်ခိုင်ကတော့ ၇,၇၁၂ မဲသာ ရရှိခဲ့ပါတယ်။

ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ သြဂုတ်လမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီထဲ ပါဝင်ခဲ့ပါတယ်။ စစ်တပ်ကျောထောက်နောက်ခံပါတီ ပြည်ခိုင်ဖြိုးရဲ့ စီစဥ်မှုနဲ့ စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီ တွေ့ဆုံခဲ့ကြပြီး အဲဒီပါတီတွေက စစ်တပ်အာဏာသိမ်းဖို့ လမ်းကြောင်းခဲ့ကြတယ်လို့ အဲဒီအချိန်က နိုင်ငံရေး စောင့်ကြည့်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး ဒေါ်သက်သက်ခိုင်လည်း စစ်ကောင်စီမှာ ဝန်ကြီးတစ်နေရာရခဲ့ပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ လူကယ်ပြန်ဝန်ကြီးအဖြစ် ၂၀၂၁ ကနေ ၂၀၂၃ အထိ၊ ဟိုတယ်ခရီးဝန်ကြီးအဖြစ် ၂၀၂၃ ကနေ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်အထိအာဏာသိမ်းစစ်ကောင်စီအတွက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီလို အာဏာသိမ်းစစ်ကောင်စီအတွက် အလုပ်လုပ်ပေးခဲ့ပေမယ့်လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ပြီး အယူခံပိုင်ခွင့်တောင် မပေးခဲ့ပါဘူး။

“မအလဟာ သူ့လူတွေကိုတောင်သိပ်မယုံတာ သစ္စာဖောက် သာကူးတွေကိုဘယ်ယုံပါမလဲ။အသုံးမလိုတဲ့အချိန်မှာ ရတဲ့နည်းနဲ့ကန်ထုတ်မှာပါပဲအာဏာရှင်ကိုအားကိုးအထင်ကြီးပြည်သူကိုသစ္စာဖောက်တဲ့အမှားက သူအကုန် နိုင်ငံရေး၊ စီးပွားရေးသိက္ခာကအစဆုံးရှုံးသွားခဲ့ရတာပါပဲ။မျှော်လင့်ထားပြီးသားပါအများကြီးလည်းထပ်လာဦးမှာ”လို့ ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

​အောက်တိုဘာလဆန်းမှာပဲ သတင်းစာရှင်းလင်းပွဲမှာ ​ဒေါ်သက်သက်ခိုင်က လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကို နိုင်ငံ​ရေး အကျဥ်းသားမဟုတ်ပဲ အဂတိလိုက်စားမှု​ကြောင့်ပြစ်ဒဏ်ကျ​နေတာလို့ ပုတ်ခတ်​ပြောကြား​ခဲ့ပါ​သေးတယ်။

“အော်……။ဝဋ် များကြောက်စရာကောင်းလိုက်တာ၊မကြာမှီကာလတုန်းကအင်တာဗျုးတစ်ခုမှာ တပါးသူရဲ့ကိုယ်ကျင့်တရားကိုပုတ်ခတ်ပြီးသူဖြေခဲ့လို့ပွဲဆူခဲ့တာဘာကြာသေးလို့လဲ။သူ့အလည့်ကျတော့ရော လောကဓံဆိုတာခံနိုင်ရည်ရှိဖို့ဘဲလိုတယ်နော်။ဝဋ်ကဘဝတောင်မဟုတ် လတောင်မကူးပါလား”လို့ ပြည်သူတဦးကမှတ်ချက်ပြုပါတယ် ။

စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး စစ်ကောင်စီဝင် လုပ်ခဲ့တဲ့ ဦးခင်မောင်ဆွေရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကိုလည်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ပါတယ်။ဒါ​ကြောင့် အာဏာသိမ်းစစ်​ကောင်စီကိုအ​ကောင်း​ပြောပြီး ​​တော်လှန်​ရေးအင်အားစု​တွေကိုပါ​ ဝေဖန်ပုတ်ခတ်​လေ့ရှိတဲ့ ​NDF ပါတီဒုတိယဥက္ကဌဒေါ်စန္ဒာမင်းတို့ပါ​ ​ NDF က​နေရွေး​ကောက်ပွဲဝင်​ရောက်ယှဥ်ပြိုင်ခွင့်မပါဘူး။

“စန္ဒာမင်း၊ သက်သက်ခိုင် ပြီးနောက်ဘယ်သူတွေရှိသေးလဲ “လို့ပြည်သူတဦးက​မေးခွန်းထုတ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။