အောက်တိုဘာ -၂၇ ၊ ၂၀၂၅ /People’s Spring
အာဏာသိမ်း မြန်မာစစ်ကောင်စီ က ကျင်းပမယ့် ရွေးကောက်ပွဲဆီ လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ခု စေလွှတ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို အင်ဒိုနီးရှား သမ္မတက တိုက်တွန်းခဲ့ပါတယ်။
ပရာဘိုဝို ဆူဘီယန်တိုက အာဆီယံ အနေနဲ့ လာမယ့် ဒီဇင်ဘာလကုန် ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာရှိမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ခိုင်မာသေချာစေဖို့အတွက် လေ့လာစောင့်ကြည့်အဖွဲ့ စေလွှတ်သင့်ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ အကြံပြုခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ မိန့်ခွန်းထဲမှာ ပရာဘိုဝိုက ဒေသတွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားရဲ့ သဘောထား အမြင်တွေကို ထည့်သွင်း ပြောဆိုသွားရာမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
မြန်မာ့ အကျပ်အတည်းဟာ အာဆီယံနဲ့ မိတ်ဖက်တွေကြား ကူညီဖြေရှင်းပေးနိုင်စွမ်းကို စိန်ခေါ် ဆန်းစစ်နေကြောင်း၊ မြန်မာ့ အရေးဟာ အလေးအနက် စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် ဆက်လက် တည်တံ့နေပြီး အင်ဒိုနီးရှားကလည်း ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပါအဝင် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် အားလုံးကို အနီးကပ် စောင့်ကြည့်လေ့လာနေတယ်လို့ ပရာဘိုဝိုက ဆိုပါတယ်။
မြန်မာ့ နိုင်ငံရေး ပြဿနာကို ကိုင်တွယ်ရာမှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပွင့်လင်းမြင်သာမှုတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးက အထူးအရေးကြီးတယ်လို့လည်း သူက အလေးအနက် ထောက်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲရဲ့ မှန်ကန်ခိုင်မာမှု သမာဓိဂုဏ်ကို သေချာ ဆန်းစစ်ဖို့အတွက် အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်သင့်တာ ဖြစ်တယ်လို့ သူက တိုက်တွန်းသွားပါတယ်။
အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ သက်ဆိုင်ရာ မြန်မာ့ နိုင်ငံရေး အင်အားစု အသီးသီးနဲ့ ချိတ်ဆက် ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဖို့ လိုအပ်ကြောင်း၊ တစ်ဖက်မှာလည်း အာဆီယံ အနေနဲ့ ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှု၊ မှန်ကန်မှုတွေ သေချာ အာမခံနိုင်အောင် စောင့်ကြည့် လေ့လာရေးအဖွဲ့ စေလွှတ်ပေးသင့်ကြောင်း ပရာဘိုဝိုက ပြောပါတယ်။
တစ်ဖက်မှာလည်း မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံက ချမှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် (5PC)ကို အာဏာသိမ်း စစ်တပ်က လက်တွေ့ အကောင်အထည် ဖော်မှုတွေ အရမ်း အားနည်း ညံ့ဖျင်းနေတာကို သူက အသိအမှတ် ပြုသွားခဲ့ပါတယ်။
အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပေါ်ထွန်းလာဖို့ဆိုရင် မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲဖို့ လိုအပ်နေကြောင်း၊ အင်ဒိုနီးရှား အနေနဲ့ အမှန်တကယ် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေကို အာဆီယံ ဥက္ကဋ္ဌက အကောင်အထည် ဖော်နိုင်အောင် ကူညီပေးဖို့ အသင့်ပြင်ဆင်ထားကြောင်း ပရာဘိုဝိုက ဆိုပါတယ်။
သူက အာဆီယံ ဒေသတွင်းမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ နယ်စပ် အငြင်းအခုံတွေနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ကြောင်း ပြောပါတယ်။ တိတိကျကျ ဖြေရှင်းမှု မရှိဘဲ ကြန့်ကြာနေသ၍ ဒီကိစ္စဟာ ဒေသရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်တယ်လို့လည်း ပရာဘိုဝိုက သတိပေးသွားခဲ့ပါတယ်။


















































