အောက်တိုဘာ-၂၇ရက်၊ ၂၀၂၅။ ထားမြတ်၊မိုမို/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF) စီးယင်းနယ်မြေသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၇ရက်မှာ အင်အားအလုံးအရင်းနဲ့ ထပ်မံ စစ်ကြောင်းထိုးလာကြောင်းCDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။
ဒေသတွင်း စစ်ကြောင်းထိုးလာလို့ ပြည်သူတွေအသက်မွေးဝမ်းကြောင်းအတွက် ဖောက်ထားပေးတဲ့ ဆိုင်ကယ်(တောလမ်း)လမ်းကို ပြည်သူတွေရဲ့ လုံခြုံရေးအရ ခေတ္တခဏ ပိတ်ထားတယ်လို့ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ချင်မြောက်ပိုင်းကို ထိုးစစ်ဆင်ဖို့ ပြီးခဲ့တဲ့တပတ်လောက်ကတည်းက စုဖွဲ့ပြင်ဆင်နေတာလို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ချင်းပြည်နယ်နဲ့ ကလေးမြို့နယ် နယ်စပ် ခိုင်ကမ်းအကျော် ရှုခင်းသာမှာ အခုထိတော့ သူတို့က ရှိနေဆဲတဲ့။ အဲဒီ နယ်စပ် ချင်းပြည်ဘက် ခိုင်ကမ်းမြို့လည်း CDF စီးယင်း ထိန်းချုပ်နယ်မြေ ဖြစ်တယ်။ ချင်းပြည်ကောင်စီ အဖွဲ့ဝင်ပေါ့။ သိုင်းငင်းဘက် သွားတဲ့လမ်းဖြစ်တယ်။ ရှုခင်းသာလည်း ချင်းပြည်နယ်ထဲဖြစ်ပြီ” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရှုခင်းသာကနေ ဆက်လက်ပြီး သိုင်းငင်ဘက် ချီတက်မယ်ဆိုပါက တိုက်ပွဲတွေ သေချာပေါက် ဖြစ်ပွားလာမယ်လို့လည်း သူက ပြောပါတယ်။
“ကလေး ဒကစဘက်ကနေ အင်အားထပ်ဖြည့်ပြီးတော့ အရင်လပိုင်းက စခန်းချထားတဲ့ ခိုင်ကမ်း နဲ့ မွာလ်ပီးကနေ သိုင်းငင်းဘက် ထက်တက်ဖို့ လုပ်နေတာလို့ ” ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကလေး-တီးတိန်လမ်းမပေါ်မှာရှိတဲ့ သိုင်းငင်းရွာက ကလေး – တီးတိန် နဲ့ ဖလမ်းမြို့နယ်ကို ဆက်သွယ်နိုင်တဲ့ လမ်းဆုံမှာ ရှိပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထပ်မံထိုးလာမှု အခြေအနေကိုမေးမြန်းဖို့ ချင်းပြည်ကောင်စီ ကာကွယ်ရေး ဌာန ပြောရေးဆိုခွင့်ရှိသူနဲ့ CDF စီးယင်း တပ်ဖွဲ့ တာဝန်ရှိသူတွေဆီ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အခုနှစ် မေလ ၁၈ရက်ကလည်း ချင်းမြောက်ပိုင်းက မြို့တွေဖြစ်တဲ့ တီးတိန်ကို စစ်အင်အားဖြည့်ဖို့ ဒါမှမဟုတ် ချင်းညီနောင်သိမ်းထားတဲ့ ဖလမ်းမြို့ကို ပြန်ထိုးစစ်ဆင်ဖို့ ရည်ရွယ်ပြီး ကလေးကနေ သိုင်းငင်းဘက်ကို စစ်ကြောင်းထိုးခဲ့ပါသေးတယ်။
ဒါပေမဲ့ CDF စီးယင်းအပါအဝင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ရှေ့မတိုးနိုင်ဘဲ တလခွဲကျော်အကြာ ဇူလိုင်ပထမပတ်တွင် အထိအခိုက်အကျအဆုံးများစွာနဲ့ ကလေးဘက် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
ထိုစဉ်က ကလေး-သိုင်းငင်းကြားရှိ မွှာလ်ပီးရွာအနီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများစွာ ရှိခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။


















































