အောက်တိုဘာ-၂၇၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
မွန်ပြည်နယ် ရေး-မော်လမြိုင် အမှတ်(၈)ပြည် ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ပူးပေါင်းတပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ဒီကနေ့(အောက်တိုဘာ ၂၇ ရက်) မနက် ၇နာရီခွဲဝန်းကျင်က တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။
“သူတို့က အဓိက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ဝင်ရောက်တိုက်ခိုက်မှု မရှိဘူး။ဒီ DKBA ကို။ကျွန်တော်တို့ ပြည်သူ့ဘက်ခြမ်း ပူးပေါင်းလာမလားလို့ ရပ်တည်မလားလို့ အကြိမ် ကြိမ်စောင့်ကြည့်တယ်။နောက်ပိုင်းက သူတို့က စကစဘက် လုံးလုံးဖြစ်သွားတယ်။စကစ စစ် ကြောင်းထိုးတဲ့အချိန် ဒီကောင်တွေက လမ်းပြ အနေနဲ့ကို အရှေ့ကနေပါလာတယ်”လို့ ရေးဘီလူးခေါင်းဆောင်က တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။

Public Service Announcement
အဲဒါအပြင် DKBAက စစ်ကောင်စီတပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးခဲ့တဲ့ ကျေးရွာတွေမှာ ဒေသခံလူထုကို ရက်စက်တဲ့ နှိပ်စက်မှုတွေ ရှိခဲ့တယ်လို့ အသိပေးပါတယ်။
“ကျွန်တော်တို့ ဒေသခံတွေကို ရက်စက်ခဲ့တဲ့အတွက် ဒီဂိတ်ကို ဝင်ပစ်တယ်။ဝင်ပစ်တဲ့အချိန် ကားနဲ့မောင်းဝင်ပြီးကို ပစ်ခဲ့တာ။အလစ်အငိုက်ထိသွားတာဖြစ် တဲ့အတွက် သူတို့ဘက်က အထိအခိုက်များခဲ့တယ်”လို့ ရေးဘီလူးခေါင်းဆောင်က ပြောပါတယ်။
စစ်အုပ်စုထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဘက်ကတော့ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ လွန်ခဲ့တဲ့ နှစ်လကတည်းက တပ်ရင်း ခြောက်ခုထက်မနည်းအသုံးပြုပြီး စစ်ကြောင်းထိုးနေပါတယ်။
အခု အောက်တိုဘာဒုတိယပတ်က ရေးမြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ သေဆုံးမှုများတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ် ပြန်ထားပါတယ်။


















































