မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမကြီးကို မနက်ဖြန်ကစပြီး ခရီးသွားလာတာ မလုပ်ဖို့ တားမြစ်
အောက်တိုဘာ-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီမြို့နယ်ရှိ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေဟာ ပြင်းထန်မှုရှိတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ အသက်အန္တရာယ်ရှိနိုင်လို့ ခရီးသွားလာရန်မသင့်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန အမှတ်(၃၅) နည်းဗျူဟာအဖွဲ့ နည်းဗျူဟာမှူးက ဒီကနေ့ အောက်တိုဘာ ၂၇ရက်မှာ ကြေညာခဲ့ပါတယ်။
မနက်ဖြန် အောက်တိုဘာ ၂၈ရက်ကစပြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမကြီးတလျှောက်ခရီးသွားလာမှု မပြုဖို့လည်း တားမြစ်ခဲ့ပါတယ်။

Public Service Announcement
အထူးသဖြင့် ကားလမ်းမကြီးအသုံးပြုသွားလာမှုကို ရှောင်ရှား ကြဖို့ ဗျူဟာ (၃၅)က ကြေညာခဲ့တာပါ။
နည်းဗျူဟာ (၃၅)နယ်မြေဖြစ်တဲ့ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့က တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင် တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာ လို့ဆိုပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိပစ်မှတ်ထားတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့တာကိုလည်းတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဒေသတွင်းကားလမ်းမကြီးတွေကတဆင့် စစ်ကူနဲ့ ထောက်ပံ့ ဖြည့်တင်းရေးတွေလုပ်ဆောင်နေတဲ့အပြင် လမ်းတွေ၊ စစ်ဆေးရေးဂိတ်တွေ အခြေချ တည်ဆောက်ကာ ခရီးသွားပြည်သူလူထုအား တရားမဲ့စစ်ဆေးတာ၊ လုံခြုံရေးအကြောင်းပြ ကုန်စည်ဖွင့်ဖောက်စစ်ဆေးခြင်း/သိမ်းယူတာ၊ လူနဲ့ ကုန်စည်တွေကို တရားမဲ့ ဖမ်းဆီးတာတွေလုပ်ဆောင်နေကြောင်း ထုတ်ပြန်ပါတယ်။
ဖြတ်သန်းခအဖြစ် ဆက်ကြေး မတရားကောက်ခံတာ၊ လူငယ်လူရွယ်များအား အဓမ္မဖမ်းဆီး တပ်သားသစ်စုဆောင်းတာတွေကိုလည်း စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ဗျူဟာ (၃၅)က အသိပေးပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်တဦးကလည်း တနင်္သာရီမြို့နယ် သိန်ခွန်းဘက်မှာ တိုက်ပွဲတွေနေ့တိုင်းဖြစ်နေသလို ပုလောနယ်ဘက်မှာလည်း စစ်ကြောင်းထိုးလျက်ရှိကြောင်း အသိပေးပါတယ်။
“ စစ်ကြောင်းတွေက သိန်ခွန်းဘက်မှာ တကြောင်း၊ ပြီးတော့ ပုလော ၊ ပလက် ဘက်မှာ တကြောင်းရှိတယ်။ ပြီးတော့ သရက်ချောင်းဘက်မှာလည်းတကြောင်းရှိတယ်။ ပြီးတော့ ထားဝယ် ကလိန်အောင်ဘက်မှာလည်း တကြောင်းရှိတယ်။ “လို့ KNLA သတင်းရင်းမြစ်က KNU မြိတ်-ထားဝယ်ခရိုင် တနင်္သာရီတိုင်းအတွင်း မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်ရေး လှုပ်ရှားမှု အခြေအနေတွေကို ပြောပါတယ်။
စစ်ကောင်စီဘက်က လေယာဉ်ဗုံးကြဲတာတွေ လုပ်ဆောင်နေတာလည်း ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
















































