အောက်တိုဘာ-၂၉ရက်၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ၊ဝန်းသိုနဲ့ ထီးချိုင့် မြို့နယ်တွေမှာ အခုအောက်တိုဘာအတွင်း လူ့အခွင့်အရေးနဲ့ ကလေးအခွင့်အရေး၊ မိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်အသိပေးထားပါတယ်။
မြင်းမူမြို့နယ်မှာပြုလုပ်တဲ့ သင်တန်းမှာ ရွာပေါင်း (၁၅) ရွာက ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပြီး ဝန်းသိုမြို့နယ်မှာပြုလုပ်တဲ့သင်တန်းမှာတော့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမတွေနဲ့ မိဘတွေတက်ရောက်ခဲ့ကြကာ မိုင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးမှုတွေနဲ့အတူ စာရေးကိရိယာနဲ့ အာဟာရထောက်ပံ့မှုလည်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ထီးချိုင့်နဲ့ ဝန်းသိုမြို့နယ်တွေမှာလည်း လူ့အခွင့်အရေးအသိပညာပေးမှုနဲ့အတူ တိုင်ကြားမှုယန္တရားတွေအပြင် ကလေးသူငယ်အခွင့်အရေးနဲ့ မိုင်းအန္တရာယ်ကာကွယ်ရေးအကြောင်းတွေ ရှင်းပြဆွေးနွေးခဲ့ကြသလို ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာဆရာမတွေအပါအဝင် ပအဖအဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီ သင်တန်းတွေနဲ့ထောက်ပံ့ကူညီမှုတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ရဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေက ဦးဆောင်ပြီးပြုလုပ်ခဲ့ကြတာလို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ အပြစ်မဲ့အရပ်သားပြည်သူများ၊ ထိခိုက်ခံစားရသူများနဲ့ စစ်ဘေးတိမ်းရှောင်နေရသူတွေအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ တယ်လို့လည်းဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသူများကို အရေးပေါ်ကုသပေးနေတဲ့ ဆေးရုံကိုလည်း လိုအပ်တဲ့ဆေးဝါးတွေ ထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။
ကူညီထောက်ပံ့မှုတွေကိုတော့ တော်လှန်ပြည်သူများ၊ အညာလေ့လာရေးစင်တာနဲ့ We are People အဖွဲ့တွေက ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး လူအခွင့်အရေးတာဝန်ခံတွေက ပူးပေါင်းကူညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နေ့စဉ်စစ်ကြောင်းထိုးမှုတွေကြောင့် အကျပ်အတည်းဆိုက်နေတဲ့ ပြည်သူတွေနဲ့ စစ်ဘေးတိမ်းရှောင်ရင်း လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေတဲ့ ပြည်သူတွေကိုလည်း အခုအောက်တိုဘာလအတွင်းမှာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဘေးရန်ကြားမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ အရေးပေါ်ကျန်မာရေးစရိတ်တွေကို တိုက်နယ်လူသားစာနာက နေတဆင့် ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။
အလားတူပဲ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းရန်တိမ်းရှောင်ရင်း လမ်းပိတ်မိနေတဲ့ ပြည်သူတွေအတွက်စားနပ်ရိက္ခာတွေကို ရွှေဘိုမြို့နယ် ပလဖ ၊ရွှေဘိုမြို့နယ် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ၊ လူ/စာနာတာဝန်ခံနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တို့ ကပူးပေါင်းပြီးကူညီထောက်ပံ့ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့တိုးမြှင့်လုပ်ဆောင်လာတဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ပြည်သူလုထုရဲ့အကူအညီလိုအပ်ချက် တွေလည်း ပိုမိုမြင့်မားလာနေသလို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်ချက်များအတွက် တိုက်ရိုက်ကူညီမှုများနဲ့ ပူးပေါင်းချိတ်ဆက်ကူညီမှုတွေ စဉ်ဆက်မပြတ်
လုပ်ဆောင်လျက်ရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


















































