အောက်တိုဘာ-၂၉၊၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကမ်းပါးနီတပ်စခန်းပြန်ရဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကလေးမြို့နဲ့ မိုင်(၃၀)ခန့်အကွာက ဂန့်ဂေါမြို့နယ်နဲ့ (၆)မိုင်ဝန်ကျင်းသာဝေးတဲ့ မဏိပူရ် မြစ်ပေါ်က ကမ်းပါးနီတံတားကို စစ်ကြောင်း နှစ်ခုနဲ့ ညှပ်ထိုးလာတယ်လို့ ဆိုပါတယ်။
“ကလေးစစ်ကြောင်းကစည်သာရွာနားထိကပ်နေပြီဂန့်ဂေါဘက်က စစ်ကြောင်းကလည်း ကမ်းပါးနီ တံတားဆီ ချဥ်းကပ်လာတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကို တော်လှန်ရေးတပ်တွေ ခုခံနေပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ၎င်းက ပြောပါတယ်။
“လောလောဆယ်ကာနေကြတယ်”လို့ စစ် ကောင်စီတပ် ထိုးစစ်နဲ့ပတ်သက်ပြီး ကဘော်အထူးဒရုန်းတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
ကလေးမြို့နယ်တောင်ဘက်ခြမ်းမှာ တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ ကမ်းပါးနီတပ်စခန်းနဲ့ စစ်ကောင်စီတပ်တွေအခြေစိုက်ရာ ကျေးရွာလေးခုထဲက ကြံသာကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကတည်းက စစ်ကောင်စီတပ်က ပြန်ရထားပါတယ်။
ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ဖို့ အင်အား ၅၀၀ထက်မနည်းသုံးထားတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က ခန့်မှန်းပါတယ်။
ဒါ့အပြင် ကလေးမြို့နယ်မြောက်ပိုင်းက ကလေး-တမူးလမ်းပိုင်းကိုပါ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။


















































