■စစ်တပ်က ဗုံးကြဲတာ ၊စစ်ကြောင်းတာတွေမလုပ်ပဲ နှစ်ဖက်တပ်တွေရောက်တဲ့နေရာကရပ်ထားရမယ်ဟုဆို
■ဒေသခံပြည်သူတွေက TNLAရဲ့လုပ်ရပ်အပေါ် ဝေဖန်
အောက်တိုဘာ၂၉၊ ၂၀၂၅။နေ့သစ်/People’s Spring
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement
PSLF /TNLA ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့အဖွဲ့တို့ဟာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ကြားဝင်ညှိနှိင်းမှုနဲ့ (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြိုမှာ အောက်တိုဘာ ၂၇ရက်နဲ့ ၂၈ရက်မှာ ပြုလုပ်ပြီး အပစ်ရပ်စဲရေး သဘောတူခဲ့တာလို့ဖော်ပြပါတယ်။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်စေ့စပ်ညှိနှိင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့က TNLA တပ်တွေ ပြန်ဆုတ်ခွာမှာ ဖြစ်သလို တအာင်းဒေသကိုလည်း စစ်တပ်က လေယာဉ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာ မလုပ်ဘဲ ဒီကနေ့ အောက်တိုဘာ ၂၉ရက် ကစပြီး နှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာ တပ်တွေ ရပ်တန့် ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“အဓိကတော့ တရုတ်ဖိအားပါ။စစ်ရေးအရတော့ စကစရဲ့စစ်ဖိအားကိုတန်ပြန်တိုက်ဖိုက အထိုက်အလျောက်ခက်ခဲပေမယ့် ခုခံ၊ တန်ပြန်ထိုးစစ် လုပ်နိုင်သေးတဲ့အခြေအနေတော့ရှိပါတယ်။မဟာမိတ်တွေနဲ့ အတူပေါ့” လို့ တအာင်းသတင်းရင်းမြစ်တဦးက စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေး ဖြစ်ပေါ်လာမှု အခြေအနေပေါ် မှတ်ချက်ပြုပါတယ်။
အခုလို အပစ်ရပ်စဲလိုက်တာဟာ တော်လှန်ရေးတရပ်လုံးအတွက်အားနည်းမှု ဖြစ်ပေါ်စေတာ သေချာတယ်လို့လည်းသူက ပြောပါတယ်။ ဒါပေမဲ့ TNLA အနေနဲ့တဖက်လှည့်နဲ့ ဆက်လက်ကူညီမှုတွေ ရှိနေမယ်လို့လည်း တအာင်းသတင်းရင်းမြစ်က သုံးသပ် ပြောပြပါတယ်။
“ပြီးတော့အပစ်ရပ်လည်း ယာယီ ကာလ တခုအထိဘဲ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး အရ ဖိအားတွေကြောင့်TNLA ကယာယီ အပစ်ရပ်ရပေမယ့်တော်လှန်ရေးအင်အားစုတွေ စိတ်ဓာတ်မကျဘဲ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုရှိရှိနဲ့ တော်လှန်ရေး မအောင်မချင်း တိုက်ပွဲဝင်ရပါအုံးမယ်။ ယာယီအပစ်ရပ်တယ်ဆိုကတည်းက ယာယီပါပဲ” လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။
မိုးမိတ်ဒေသခံတစ်ဦးကတော့ TNLA ရဲ့လုပ်ရပ်အပေါ်ဝေဖန်ပါတယ် ။” မိုးမိတ်ကို KIA က စတိုက်တာ။ နောက်ပိုင်း TNLA ဝင်လာပြီး သိမ်းတာ။ အခုကျ မြို့လည်း ပျက်တယ်။ စစ်တပ်လည်း ပြန်ဝင်လာမယ်ဆိုတော့ TNLAရဲ့တော်လှန်ရေး ခေါင်းစဉ်နဲ့ မြို့သိမ်းတဲ့လုပ်ရပ်က အောက်တန်းကျတယ်” လို့ပြောပါတယ်။
မိုးကုတ်ဒေသခံတစ်ဦးကလည်း TNLA ရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန်ပြစ်တင်ဝေဖန်ပါတယ်။ မိုးကုတ်နဲ့ မိုးမိတ်က စစ်တပ်ကို ဆန်ကျင်တော်လှန်ခဲ့တဲ့ပြည်သူတွေအတွက် TNLA ရဲ့လုပ်ရပ်ဟာ မစာနာပဲ ဒုက္ခရောက်အောင်လုပ်လိုက်သလိုဖြစ်တယ်လို့ ပြည်သူအချို့ကဝေဖန်ပါတယ်။
TNLAက စစ်ကောင်စီနဲ ဆွေးနွေး ညှိနှိုင်းပြီး အပစ်ရပ်လိုက်ပေမယ့် PDFတွေက ဆက်ပြီးတိုက်ခိုက်နိုင်တယ်လို့ စစ်ရေးအကဲခတ်တချို့ကသုံးသပ်ပါတယ်။
“PDF ကို ပိုပြီး Support ပေးပါ။ အဖြေက PDF ဆီမှာ ရှ်ိလိမ့်မယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးလေ့လာသူတို့ကပြောပါတယ်။
TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က အောက်တိုဘာ ၁၁ရက်မှာ စစ်ကြီးထဲမှာ မသေသေးဘဲ ရှင်သန်ကျန်နေတဲ့ သူတွေအနေနဲ့ အားမွေး ဗျူဟာထပ်ချဲ့ပြီး တော်လှန်တာ ဆက်လုပ်ရမယ်လို့ အသိပေးရေးသားခဲ့ပါတယ်။ဒါအပြင်အောက်တိုဘာ ၁၉ ရက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထုံးတို့ထားမယ် ကြဲတဲ့သူ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူတွေ အားလုံးကို မှတ်ထားမယ် အလှည့်ဆိုတာရှိစမြဲပါလို့ ရေးသားခဲ့ပါတယ်။
အဲဒီလို ရေးသားပြီးတပတ်နောက် အောက်တိုဘာ နောက်ဆုံးပတ်မှာ တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်မှုနဲ့ စစ်ကောင်စီနဲ့ TNLA အကြား ဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ပြီး အခုလို အပစ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့တာပါ။
TNLA အနေနဲ့ စစ်ရေးနိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းမှုတွေပြုလုပ်တိုင်း တရုတ်အစိုးရရဲ့ ဖိအားပေးမှု စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု တွေစတဲ့အခက်အခဲတွေ ကြုံရကြောင်း အသိပေးခဲ့ပါတယ်။
စစ်ကောင်စီဟာဆွေးနွေးပွဲမတိုင်ခင်ကာလအောက်တိုဘာတစ်လလုံး TNLA ထိန်းချုပ်မြို့ရွာတွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ TNLA ထိန်းချုပ်မြို့ရွာ တွေကို စစ်ကောင်စီက အောက်တိုဘာအတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၄၀ လောက် ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအများအပြား အပါအဝင်ပြည်သူ ၅၀ လောက်သေဆုံးကာ ၆၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
TNLAဟာ လွန်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အခု ၂၀၂၅မှာတော့ စစ်ကောင်စီ ထိုးစစ်ကြောင့် နောင်ချို၊ကျောက်မဲ၊ သီပေါမြို့တွေကို လက်လွှတ်ခဲ့ရကာ အခုလည်း မိုးကုတ်နဲ့ မိုးမိတ်ကို အပစ်ရပ်စဲရေးအတွက် TNLA ဆုတ်ခွာဖို့ သဘောတူပေးခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါပေမယ့်စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူညီချက်ရတာဟာ တော်လှန်ရေးပြီးဆုံးသွားတာမဟုတ်ဘူးလို့TNLAအရာရှိတဦးက လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
“ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်လေးတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်နေတဲ့ ဒီစစ်အာဏာရှင်ရှိနေသမျှ ဘယ်မှာများ စစ်မှန်တဲ့ လွတ်မြောက်မှုရှိနိုင်မလဲ။ ဘယ်မှာများ စိတ်ချလုံခြုံမှုအစစ်အမှန်ရနိုင်မလဲ။ဘယ်မှာများ ငြိမ်းချမ်းပျော်ရွှင်မှုအစစ်အမှန်ရနိုင်မလဲ။အခက်အခဲအကန့်အသတ်တွေကြား ခဏတာ ရပ်တန့်ခြင်းပါပဲ။ တော်လှန်ရေးဟာ တော်လှန်ရေးမြည်နေဆဲ၊ တော်လှန်ရေးဟာ ရှင်သန်နေဆဲ။အားအင်အသစ်စုစည်းမှုအသစ် ဗျူဟာအသစ်တွေနဲ့ လှိုင်းအသစ်တွေကို တော်လှန်မိတ်ဆွေတွေနဲ့အတူ တဖန်အတူစီးမျောကြတာပေါ့။ငြိမ်းချမ်းရေးကာလဆိုတာမရှိ စစ်တိုက်တဲ့ကာလနဲ စစ်ပြင်တဲ့ကာလပဲရှိ ဆိုသလိုမျိုးပေါ့။ စစ်အာဏာရှင်စစ်အုပ်စုရှိနေသမျှတော့ ဒီဆိုရိုးကလည်း မှန်နေဦးမှာပါပဲ။တော်လှန်ရေးဟာ တော်လှန်ရေးမြည်နေဆဲပါပဲ။” လို့ TNLA အရာရှိတဦးကရေးသားထားပါတယ်။


















































