အောက်တိုဘာ-၃၀၊ ၂၀၂၅။ အိမ်သွင်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်ကြောင်းထိုးဖို့အတွက် ကောလင်းနဲ့ ဝန်းသိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အင်အားအများအပြားဖြည့်နေတယ်လို့ သတင်းရရှိပါတယ်။
ကောလင်းနဲ့ ဝန်းသိုမြို့က စစ်ကောင်စီစခန်းတွေဆီကို အောက်တိုဘာလဆန်းက စတင်ပြီး အင်အားဖြည့်နေတာဖြစ်ပြီး အခုရက်ပိုင်းမှာတော့ ရဟတ်ယာဉ်တွေ သိသိသာသာ အဆင်းအတက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ကဆို ဝန်သို အမြောက်တပ်ထဲကို ရဟတ်ယာဉ် ၅စီးမကဘူး ဆင်းတယ်။ လူတွေနဲ့လက်နက်ခဲယမ်းတွေချတယ်။ အင်းတော်ကို ပြန်ပြီး စစ်ကြောင်းထိုးမယ်လို့ သတင်းရတယ်”လို့ ဝန်းသိုမြို့ခံတစ်ဦးက ဒီနေ့မှာ ပြောပါတယ်။

Public Service Announcement
၀န်းသိုမြို့က စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၁၁၁)၊ခမရ (၁၂၀)တပ်ရင်းတွေထဲကိုလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်မှုထမ်းသင်တန်းဆင်းတွေပို့နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
အင်းတော်မြို့ဟာ ကောလင်းမြို့နဲ့ မိုင်၄၀ခန့်ဝေးပြီး ဝန်းသိုမြို့နဲ့ ၃၅မိုင်ခန့်ဝေးပါတယ်။ အဲဒီနှစ်မြို့နယ်စလုံးမှာလည်း မြို့ပေါ်တွေကိုသာစစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအုပ်စုတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ မြေပြင်ကနေ အင်အားဖြည့်နိုင်ခြင်းမရှိလို့ လူနဲ့ လက်နက်ခဲယမ်းအင်အားကို လေကြောင်းကနေ ဖြည့်တင်းနေတာလို့ ကာကွယ်ရေးရဲဘော်တချို့က ပြောပါတယ်။
“အင်အားကတော့ တော်တော်ကိုဖြည့်နေတယ်။ အင်းတော်ကို ပြန်ထိုးမယ့်အခြေအနေပဲ။ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ လူထုကိုတော့ရှင်းပြထားတယ်”လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နို၀င်ဘာ ၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊အမှတ်(၁)စစ်ဒေသရဲ့ကွပ်ကဲမှုနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်ထားပါတယ်။
အင်းတော်မြို့ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ဧပြီ ၇ရက်မှာသိမ်းယူခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲမှာ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများအပြားကိုလည်းဖမ်းမိခဲ့ပါတယ်။
အင်းတော်မြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မော်လူးမြို့၊ ဗန်းမောက်မြို့နဲ့ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ ပင်လည်ဘူး၊ ကသာ၊ ထီးချိုင့်၊ ကောလင်းနဲ့ ဝန်းသိုမြို့တွေ ပတ်ချာလည်ဝိုင်းထားတဲ့ ရေမြေသဘာဝရှိတာပါ။ လက်ရှိမှာတော့ ဗန်းမောက်မြို့ပတ်ဝန်းကျင်နဲ့ ပင်လည်ဘူးမြို့ပတ်ဝန်းကျင်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

















































