အောက်တိုဘာ-၃၀၊၂၀၂၅။ဆဏ်း၊တိုးနေဝင်း/People’s Spring
စစ်ကောင်စီက ရွေးကောက်ပွဲကာလအတွင်းမှာ အနုပညာရှင်တွေကို ပြည်ပထွက်ခွာခွင့် ကန့်သတ်လိုက်တယ်လို့ အနုပညာလောကနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ ပြည်ပထွက်ခွင့်ပိတ်လိုက်တာ မှန်ပါတယ်။ ပိတ်တယ်လို့တော့ မဟုတ်ဘူး။ အရေးကြီးကိစ္စရှိရင်တော့ စီစစ်ပြီးခွင့်ပြုမှာပေါ့။ ဒါကလည်း ရွေးကောက်ပွဲကာလအတွင်းပါပဲ” လို့ ပြောပါတယ်။
အရင်က စစ်ကောင်စီထောက်ခံတဲ့ အနုပညာရှင်တွေက အစစ်အဆေး အမေးအမြန်းမရှိ ပြည်ပထွက်ခွာခွင့်ရရှိနေတာပါ။ ပိတ်လိုက်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement
စစ်ကောင်စီထောက်ခံသူ အဆိုတော်ယုန်လေးကလည်း အနုပညာရှင်တွေ ပြည်ပသွားမယ်ဆိုရင် ကြိုအကြောင်းကြားပြီး မှ သွားရတော့မှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အသိပေးထားပါတယ်။
ဒီနေ့ အနုပညာရှင်အဖွဲ့တစ်ဖွဲ့ လည်း လေဆိပ်ကနေ လှည့်ပြန်လာရတယ်လို့ ယုန်လေးကရေးသားထားပါတယ်။
လက်ရှိမှာ ပြည်သူတွေက စစ်ကောင်စီရဲ့ ပွဲလမ်းတွေတက်ပြီး ပြည်ပမှာ ပွဲလာလုပ်သူတွေကို ဆက်တိုက်ဆိုသလို Boycott ပြုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် အရင်ရက်က ချင်းမိုင်မှာ စစ်ကောင်စီလက်အောက်ပြန်ဝင်သွားတဲ့ အဆိုတော် G Fatt ရောက်ရှိနေတယ်လို့ သတင်းပေးမှုတွေရှိပြီး ဖျော်ဖြေပွဲတွေလုပ်တယ်ဆိုရင် အဲဒီ့နေရာတွေကို Boycott ပြုလုပ်ဖို့ Fake News Check Community (Fncc) Burmaက တင်ပေးထားပါတယ်။
“ ချင်းမိုင် ပြန်လာရဲတဲ့ ဇကိုတော့ကြိုက်တယ် သားကြီး” လို့ အဆိုတော် ကျားပေါက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ Fncc ရဲ့ပို့စ်ကိုမျှဝေပြီးရေးသားထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ မဟာချိုင်မှာ ရုံတင်ပြသနေတဲ့ ဗြောသံ ရုပ်ရှင်ကိုလည်း Boycott ပြုလုပ်မှုအောင်မြင်နေပြီး အဲဒီ့ဇာတ်ကားအပါအဝင် စစ်ကောင်စီထောက်ခံတဲ့ အနုပညာရှင်တွေနဲ့ ဆက်စပ်တဲ့ ကိစ္စတွေကို လုပ်ဆောင်ပေးနေတဲ့ ဆိုင်တွေ ၊ အွန်လိုင်းဆယ်လီတွေကိုလည်း Boycott ပြုလုပ်သွားမယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနုပညာရှင်အားလုံး ဝါဒဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီး ငြင်းဆန်သူများကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း လူထုနွေဦးရဲ့ အနုပညာသတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့(အောက်တိုဘာ ၃၀ရက်) နေ့လည် ၁နာရီမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်ဟာ ရန်ကုန်မြို့က ရုပ်ရှင်လုပ်ငန်းရုံမှာ အနုပညာရှင်တွေကို ခေါ်ယူပြီး အထက်ပါအတိုင်း ဖိအားပေးခြိမ်းခြောက်လိုက်တာလို့ အနုပညာသတင်းရင်းမြစ်က ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေ မရိုက်တော့တဲ့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ပါမကျန် နာမည်ကြီးသရုပ်ဆောင် အနုပညာရှင်အားလုံးပါဝင်ရမှာဖြစ်ပြီး ငြင်းဆန်သူအားလုံးကို အထက်အမိန့်အရ အရေးယူမယ်လို့ အေးကြွယ်က ခြိမ်းခြောက်ပြောသွားတယ်လို့ ၎င်းက ပြောပါတယ်။
“ ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ” စစ်တပ်ဝါဒဖြန့်ကားအပေါ် ပြည်သူတွေရဲ့ BC နဲ့ Social punishemnt ထိရောက်သွားတဲ့အတွက် ကြော်ငြာကုမ္ပဏီတွေက ဝါဒဖြန့်ကားမှာပါဝင်တဲ့သူတွေကို ကြော်ညာမရိုက်တော့တာကြောင့်ကုမ္ပဏီတွေကိုကြော်ညာ ဆက်ရိုက်ရန်အတွက် စစ်အုပ်စုက ဖိအားပေးဖို့ရန် နဲ့ ပြည်သူတွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်တာ၊သပိတ်မှောတ်တာအပေါ် တန်ပြန်ဖို့ အတွက်လို့ အကြမ်းဖျင်းသိထားရတယ်လို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။
လက်ရှိမှာတော့ အနုပညာရှင်တွေအပေါ် ပြည်သူတွေက Social Punishment နဲ့ Boycott ပြုလုပ်ဖို့ ဆက်လက် တွန်းအားပေးလုပ်ဆောင်နေကြပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်
ဆောင်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်နေတဲ့ ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ ငါးဖွဲ့ကလည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်သူတွေကို အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။
















































