Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မှာ ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းတွေကိုချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတပ်တွေ တိုက်ခိုက်

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဒီကနေ့(အောက်တိုဘာ ၃၀ရက်) မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

CDF-CDM (စီးယင်း)နှင့် ​ဒေသခံ ကာကွယ်​ရေး တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-CDM စီးယင်း

အောက်တိုဘာ-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဒီကနေ့(အောက်တိုဘာ ၃၀ရက်) မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့ကနေ စစ်အင်အားအလုံးအရင်းနဲ့ ချင်းပြည်နယ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ တီးတိန်မြို့ကိုလည်း ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်ပြီး မြို့ပေါ်မှ သိုင်းငင်းမြို့ဘက်သို့ နှစ်ဖက်ညှပ် ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ထိုးစစ်ဆင်လာလို့ ဒိမ်လို(Dimlo)ရွာအပေါ်ဘက်မှာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ PDF ဇိုလဲန်းနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပြီးရင် ကလေးမြို့ဘက်ကလာတဲ့ သူတွေကချင်းလဲန်းကောင်စီတပ်ဖွဲ့တွေပေါ့။ ဒေသခံလက်နက်ကိုင် CDF စီးယင်းအပါအဝင်ပေါ့။ အဲဒီ ထေးဇန်ရွာဘက်မှာ တိုက်ပွဲရှိတယ်လို့ သတင်းကြားရတယ်။ကလေးဘက်မှာလာတဲ့သူနဲ့ တီးတိန်ဘက်က လာတဲ့သူပေါ့။ ကလေးဘက်ကနေ တီးတိန်ဘက်လာတဲ့ စစ်ကြောင်းကို သွားကြိုဖို့ပေါ့ အဲဒီလိုမျိုး လုပ်တယ်လို့ ကျနော်တို့က ထင်တယ်။ သူတို့ ဟိုဘက် ဒီဘက်လာပြီးမှ သိုင်းငင်းမှာ ဆုံတွေ့ဖို့ပေါ့ အဲဒီလိုမျိုး ပုံစံနဲ့ သူတို့ စစ်ကြောင်းထိုးတာဖြစ်တယ်”လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ ထိခိုက်ကျဆုံး အခြေအနေတွေတော့ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဟာ ကလေးကနေ ချင်းပြည်နယ်မြောက်ပိုင်းကို အောက်တို ဘာ ၂၇ ရက်ကစပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသကာကွယ်ရေးတပ် CDF စီးယင်းက အသိပေးထားပါတယ်။

အဲဒီလို စစ်ကြောင်းထိုးလာလို့ မနေ့က တီးတိန်မြို့နယ် မွယ်ပီးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့(အောက်တိုဘာ ၃၀ရက်)တိုက်ပွဲဆက်လက်ဖြစ် ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီလို မြေပြင်က စစ်ကြောင်းထိုးနေသလို အောက် တိုဘာ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်တာ အတွင်းမှာလည်း တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၁၀ကြိမ် စစ်အင်အားဖြည့်တင်းခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ပြင်ဆင်နေတာဟာ ချင်းမြောက်ပိုင်းမှာ သူတို့ဆုံးရှုံးထားတဲ့ ဖလမ်းမြို့နဲ့ တွန်းဇံမြို့တို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းမယ့် အခြေအနေ ဖြစ်လို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်ထားတာဖြစ်သလို တွန်းဇံမြို့ကိုလည်း ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ ချင်းတောင်ပိုင်းက သူတို့ ဆုံးရှုံးထားတဲ့ မြို့နယ်တွေ ဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီမြို့နယ်တွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ သေဆုံးထိခိုက်မှုတွေ ရှိခဲ့လို့ စာသင်ကျောင်းတွေ ပိတ်ထားဖို့၊ လူစုလူဝေးမလုပ်ဖို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ