Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကာကွယ်ဖို့ တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေကို PDFမိုးကုတ်ဗျူဟာ ဖိတ်ခေါ်

မန္တလေးတိုင်းက ကမ္ဘာကျော်ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်မြို့ကာကွယ် ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာက ဒီကနေ့ (အောက်တိုဘာ ၃၁ရက်)မှာ ပြန်လည်ဖိတ်ခေါ်ချက် ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မိုးကုတ်ဗျူဟာ

အောက်တိုဘာ-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးတိုင်းက ကမ္ဘာကျော်ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်မြို့ကာကွယ် ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာက ဒီကနေ့ (အောက်တိုဘာ ၃၁ရက်)မှာ ပြန်လည်ဖိတ်ခေါ်ချက် ထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာဖို့ စစ်ကောင်စီနဲ့ သဘောတူညီပြီး အပစ်ရပ်စဲခဲ့ပြီးနောက် မိုးကုတ် ဗျူဟာအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မန္တလေးဒေသ PDF တပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးနယ်မြေတွေကို ဆက်လက်ကာကွယ်မယ်လို့ အသိပေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကိုလည်း အခုလို ပြန်လည်ဖိတ်ခေါ်ခဲ့တာပါ။

“ရဲဘော်တို့သည် နွေဦးတော်လှန်ရေးခရီးတွင် သွေး၊ချွေး၊ အနစ်နာခံမှုများဖြင့် တော်လှန်ရေး၏ အင်အားကြီးမားသော အစိတ်အပိုင်းများ ဖြစ်ခဲ့ကြပါသည်။အကြောင်းအမျိုးမျိူးကြောင့် မိုးကုတ်ဗျူဟာနှင့် ခေတ္တခဏ ကင်းကွာနေခဲ့ကြသည်ကို နားလည်စာနာမိပါသည်။ရဲဘော်တို့၏ အတွေ့အကြုံ ၊ ရဲဘော်တို့၏စွမ်းရည်၊ ရဲဘော်တို့၏ တော်လှန်ရေးပေါ်ထားရှိသော စေတနာ များကို မိုးကုတ်ဗျူဟာ အနေဖြင့် အမြဲတန်ဖိုးရှိနေမည်ဖြစ်သည့်အတွက် တော်လှန်ရေး၏ ခွန်အားတရပ်အနေဖြင့် မိုးကုတ်ဗျူဟာနှင့်အတူ ပြန်လည် လက်တွဲတိုက်ပွဲဝင်ကြရန် နွေးထွေးစွာဖိတ်ခေါ်ပါသည်” လို့ မိုးကုတ်ဗျူဟာရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မိုးကုတ်ဗျူဟာအနေအနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်တပ်ဖွဲ့ ဖြစ်တာကြောင့် သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ လိုက်နာဖို့ လိုအပ်တယ်လို့လည်း အသိပေးပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေဟာ အခု ထုတ်ပြန်တဲ့နေ့က စပြီး တပတ် အတွင်း ပြန်လည်တာဝန်ထမ်းမယ့်အကြောင်း သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရမယ်လို့လည်း မိုးကုတ်ဗျူဟာက ထုတ်ပြန်ပါတယ်။

ခရီးလွန်နေသောရဲဘော်တွေအနေနဲ့ လူကိုယ်တိုင် လာရောက်ချိတ်ဆက်နိုင်မယ့် ရက်သတ်မှတ်ပြီး၊ သတ်မှတ်ရက်(တစ်ပတ်)အတွင်း သတင်းပို့ ချိတ်ဆက်လာပါက စည်းမျဥ်းစည်းကမ်းများအတိုင်း စိစစ်ဆုံးဖြတ်ပြီး သက်ညှာထောက်ထားမှု မူဝါဒနဲ့အညီ ပြန်လည်ဝင်ရောက်လာတဲ့ ရဲဘော်ရဲ့နောင်တနဲ့ဆန္ဒပြင်းပြမှုကို အလေးထားစဥ်းစားပေးမယ်လို့လည်း ဖော်ပြထားပါတယ်။

သတ်မှတ်ရက် ကျော်လွန်တဲ့အထိ ဆက်သွယ် ချိတ်ဆက်လာခြင်းမရှိတဲ့ရဲဘော်တွေဟာ တရားဝင်တပ်ပြေးအဖြစ်ကြေငြာခြင်းခံရပြီး MOD မှ ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာတပ်ပြေးမူ ဥပဒေအရ ပြစ်ဒဏ်ခံယူရမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

မိုးကုတ်ဗျူဟာကဲ့သို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကလည်း တပ်ဖွဲ့နဲ့ ကင်းကွာသူတွေ ပြန်လာဖို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေး ရဲဘော်ဘ၀က အနားယူထားကြတဲ့ တော်လှန်ရေး ရဲဘော်ဟောင်းတွေ အနေနဲ့ လက်ရှိ မိုးကုတ်မြို့နယ်ရဲ့ စစ်ရေးအခြေအနေအရ စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်ဖို့ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

“မိုးကုတ်မြို့ရဲ့ စစ်ရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ အတူတူလက်တွဲပြီး ရုန်းကန်ကြနိုင်ဖို့ တိုက်တွန်းပါရစေ။ ကာလအပိုင်းအခြားတစ်ခုအနေနဲ့ စစ်ကော်မရှင်ကို ပြန်လည်ပြီး တွန်းလှန်တိုက်ထုတ်ကြမယ်။ သက်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုရောက်ခဲ့ရင် ညီအစ်ကိုတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေအတိုင်း အနားယူချင် အနားယူလို့ရမယ်။ ဆက်လက်တာဝန်ထမ်းဆောင်ချင်ရင် ထမ်းဆောင်ခွင့်ရပါမယ်” လို့လည်း မိုးကုတ်ပကဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့သားတွေဖြစ်တဲ့အတွက် မိုးကုတ်မြို့အပေါ် သံယောဇဉ်ကြီးပြီး မြို့အတွက် တကယ်ပဲ စွန့်လွှတ်အနစ်နာခံလိုတဲ့ ညီအစ်ကိုရဲဘော်တွေကို လိုအပ်နေပြီး ခွေးတိုးပေါက်က တိုးဝင်လာတဲ့ စစ်ကော်မရှင်ကို မောင်းထုတ်ကြပါစို့လို့လည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ