အောက်တိုဘာ-၃၁၊ ၂၀၂၅။ထားမြတ်/People’s Spring
မကွေးတိုင်း၊ ဆောမြို့မှာ (၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့တဲ့သူကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ရဲချုပ်ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ အမှုစစ်ဆေးနေကြောင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၃၀ရက်မှာ ထုတ်ပြန်ပါတယ်။
သက်ငယ် မုဒိမ်းနဲ့ လူသတ်မှုကျူးလွန်သူ မင်းမင်းစိုးကို အမှုစစ်ဆေးတာပြီးပါက အမှုတွဲတင်ရေး၊ တရားရုံးထုတ် စစ်ဆေးရေး၊ ထိရောက်တဲ့ အရေးယူမှု ပြုလုပ်ရေးတို့ကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာဖြစ်ကြောင်း ပြည်သူလူထုထံ အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။
ဆောမြို့မှာ အောက်တိုဘာ ၂၁ရက်က အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၂၁နှစ်အရွယ် မင်းမင်းစိုးဆိုတဲ့ သူက အဓမ္မပြုကျင့်သတ်ဖြတ် အလောင်းဖျောက်ခဲ့တာပါ။

Public Service Announcement
မိန်းကလေးငယ်ရဲ့ မိသားစုနဲ့ အရင်ကတည်းက သိကျွမ်းသူဖြစ်တဲ့ မင်းမင်းစိုးကို ကာကွယ်ရေးတပ်ဖွဲ့က မသင်္ကာလို့ စစ်ဆေးခဲ့ရာ ကျူးလွန် ကြောင်းဝန်ခံခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆောမြို့နယ်ဒေသခံတွေက အောက်တိုဘာ ၂၆ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
မင်းမင်းစိုးဟာ အရင်ကလည်း မုဒိမ်းမှု ကျူးလွန်ခဲ့ဖူးသူတဦးဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် မင်းမင်းစိုးဟာ ဆော PDF ရဲဘော်တဦးဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျူးလွန်သူ မင်းမင်းစိုးဟာ ကာကွယ်ရေးရဲဘော် ဟုတ်၊မဟုတ်ဆိုတာ ဖော်ပြမထားပါဘူး။


















































