အောက်တိုဘာ-၃၁၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်းက ကသာမြို့နဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၄ဦးထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကသာမြို့၊ညောင်ခြေထောက်ကျေးရွာဘုန်းကြီးကျောင်းကို အောက်တို ဘာ ၂၉ရက်မှာ စစ်ကောင်စီက ဗုံးကြဲတာဖြစ်ပြီး (၁၀)နှစ်အရွယ် ကလေး ၁ဦး၊ အမျိုးသမီး ၃ဦးနဲ့ အမျိုးသား ၁ဦး သေဆုံးခဲ့တာပါ။
ဒီဖြစ်စဉ်မှာဒဏ်ရာရသူ၇ဦးလည်း ရှိခဲ့တယ်လို့ကသာမြို့က ကာကွယ်ရေးရဲ ဘော် တဦးက ပြောပါတယ်။

Public Service Announcement
ကျောက်ဖြူမြို့ကိုတော့ အောက်တိုဘာ ၃၀ရက် ညနေမှာ ဂျက်ဖိုက်တာနဲ့ ပေါင်၅၀၀ ဗုံးကြဲတာလို့ သိရပါတယ်။
ဇင်ချောင်းကုန်ဘွေကျေးရွာကို ဗုံးကြဲတာဖြစ်ပြီး အမျိုးသမီး၂ဦးနဲ့ အမျိုးသား ၃ဦး သေဆုံးခဲ့ပါတယ်။
ကလေးငယ်တချို့အပါအဝင် ၁၀ဦး ဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
” တိုက်ပွဲသံမကြားရဘူး။ ဗုံးကြဲသွားတာ။ တိုက်ပွဲဖြစ်၊မဖြစ်တော့ ကျတော်တို့ မသိဘူး။ မကြားဘူး”လို့ ကျောက်ဖြူမြို့ခံစစ်ဘေးရှောင် တဦးကပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို ပြီးခဲ့တဲ့အောက်တိုဘာလဆန်းကစပြီး လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေ အရှိန်မြှင့်လာပါတယ်။
စစ်တွေမြို့အနီးကပုဏ္ဏားကျွန်းမြို့နယ်ကိုလည်းမနေ့ကနဲ့ဒီနေ့ (အောက်တိုဘာ ၃၁ရက်)မှာ လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့ထဲကို မနေ့က ဗုံးကြဲတာမှာ အရပ်သားအထိအခိုက်မရှိပေမယ့် နံနက် ၁၁နာရီခွဲခန့်မှာ ပန်းနီလာကျေးရွာကို ဗုံးကြဲလို့ ဒေသခံ၄ဦး သေဆုံးတယ်လို့ ကနဦး သိရပါတယ်။
” အိမ်တွေကို ကြဲတာပါ။ ၄ဦးသေဆုံးထားတယ်။ ဒဏ်ရာရတာက ဆယ်ဦးမကဘူး။ ပေါက်တောရော၊ ပုဏ္ဏားကျွန်းရောကို ပစ်မှတ်ထားနေတယ်”လို့ ပုဏ္ဏားကျွန်းဒေသခံက ပြောပါတယ်။
စစ်တွေမြို့နဲ့ (၅)မိုင်ခန့်အကွာက ပေါက်တောမြို့နဲ့ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့လည်း မကြာခဏပစ်နေလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
အထက်ပါ ဖြစ်စဉ်တွေအပြင် စစ်ကောင်စီကအောက်တိုဘာ ၂၅ရက်ကနေ အောက်တိုဘာ ၂၇ရက်အတွင်း တောင်ကုတ်၊ အမ်း၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကလေးသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါ သေးတယ်။
အာရက္ခတပ်တော်(AA)က၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်ခဲ့ပြီး စစ်တွေ၊ မာန်အောင်နဲ့ကျောက်ဖြူမြို့ကလွဲလို့ ကျန်တဲ့မြို့တွေကိုသိမ်းယူထားပါတယ်။
လက်ကျန်မြို့သုံးမြို့ကိုလည်း ဆက်လက်တိုက်ခိုက်သိမ်းယူသွားမယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား သေဆုံးသူ ၉၇၀ ဦး၊ ဒဏ်ရာရရှိသူ ၂,၀၅၄ ဦးရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က အောက်တိုဘာ ၂၅ ရက်မှာ ထုတ် ပြန်ထားပါတယ်။
အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေတဲ့ စစ်ကောင်စီကိုအရေးယူဖို့လည်းနိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။
AAထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ၊ အရပ်သားပြည်သူတွေကို နေ့ ရောညပါ အကြမ်းဖက်တိုက်ခိုက်နေလို့ သတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ် သတိပေးချက်ကို AAက စက်တင်ဘာလ ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။



















































