Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်းက ရေကြည်နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်‌တော်(AA)တို့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေအပြင် စစ်တပ်သုံး စပိုင်ဘောလုံး(Spy Ballon)နဲ့လည်း ကင်းထောက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

၂၀၂၄ ဇန်နဝါရီလဆန်းက မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ-3BH

‌‌အောက်တိုဘာ-၃၁၊၂၀၂၅။အိမ်သွင်/People’s Spring

ဧရာဝတီတိုင်းက ရေကြည်နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်‌တော်(AA)တို့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေအပြင် စစ်တပ်သုံး စပိုင်ဘောလုံး(Spy Ballon)နဲ့လည်း ကင်းထောက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ရေကြည်နဲ့ လေးမျက်နှာမြို့နယ်စပ်က စက်စက်ယိုကျေးရွာနဲ့ဝန်းကျင်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။

” ကွင်းကောက်ကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ တိုက်လေယာဉ်နဲ့လည်း ညတိုင်းလိုလို ဗုံးကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေတယ်။ အသေးစိတ်ကတော့ကျွန်တော်တို့ မသိနိုင်ဘူးဖြစ်နေတယ်။ အဲဒီဘက်နဲ့က အဆက်အသွယ်တော်တော်ပြတ်တယ်” လို့ လေးမျက်နှာမြို့ကနေ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့နယ်ဟာ ဧရာဝတီတိုင်းက ဟင်္သာတ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေအပြင် ရခိုင်ပြည်နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာ ဝေးပါတယ်။

ယခုရက်ပိုင်းမှာ တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေ လက်နက်ကြီးတွေ ပစ်ခတ်မှုပိုမိုလုပ်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ရက်ကစပြီး စစ်ကောင်စီတပ်က စပိုင်ဘောလုံး(Spy Ballon)တွေနဲ့ ကင်းထောက်တာတွေ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုးလေဝသအချက်အလက်တွေကို ရေဒီယိုလှိုင်းတွေကတဆင့် ဖမ်းယူစု‌ဆောင်းတဲ့ မိုးလေဝသဘောလုံး(Weather Balloon)တွေကို စစ်ဖက်ရေးရာထောက်လှမ်းရေးတွေမှာ စစ်ကောင်စီက အသုံးပြုနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလဆန်းက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာအသုံးပြုခဲ့တာ မြင်တွေ့ရပြီး အခုအခါမှာ ဧရာဝတီတိုင်းမှာပါ အသုံးပြုလာတာဖြစ်ပါတယ်။

စစ်တပ်သုံး Spy Balloons တွေမှာ အရည်အသွေးမြင့် ကင်မရာတွေ၊ ရေဒါတွေနဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားပြီး မြေပြင်က စစ်ရေးလှုပ်ရှားမှုတွေ၊ အခြေစိုက်စခန်းတွေကို ဓာတ်ပုံရိုက်ယူနိုင်သလို ရေဒီယို၊ ဖုန်းနဲ့ အခြား အီလက်ထရွန်းနစ် ဆက်သွယ်ရေးအချက်ပြမှုများ (electronic communications) ကိုလည်း ကြားဖြတ်ဖမ်းယူ စောင့်ကြည့်နိုင်တယ်လို့ စစ်လက်နက်ရေးရာလေ့လာနေသူတစ်ဦးက ပြောပါတယ်။

ကုန်ကျစရိတ် သက်သာပြီး ဒရုန်းတွေထက် ပိုမြင့်တဲ့အမြင့်နဲ့ လေထဲမှာ အချိန်အတော်ကြာ ပျံဝဲနေနိုင်တဲ့အတွက် ပစ်မှတ်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်တယ်လို့သိရပါတယ်။

” အဲ့ဒီဘောလုံးတွေ့ပြီးတဲ့နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေပိုဆိုးလာတယ်” လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာအပါအဝင် တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပြီး စစ်ကောင်စီတပ်က တန်ပြန် စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လထဲမှာတော့ ဒေသခံ စစ်ရှောင်တွေ နေရပ်ကိုပြန်ဖို့ စစ်ကောင်စီကဖိအားပေးပြီး တချိန်တည်းမှာ မြေပြင်စစ်ကြောင်းတွေ၊ လေကြောင်းနဲ့လက်နက်ကြီး အင်အားတွေနဲ့ တန်ပြန်ထိုးစစ်စတင်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီ သေဆုံးမှုများပြီး တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့သလို လေကြောင်းကနေလည်း နေ့စဉ်နီးပါး ဗုံးကြဲနေခဲ့တာပါ။

စစ်ကောင်စီတပ်က ဆုံးရှုံးထားတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်များအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျပြီး နေရာအချို့၊ မြို့၊ ရပ်ရွာတွေကို ပြန်လည်သိမ်းပိုက်ဖို့မြန်မာနိုင်ငံအနှံ့ ထိုးစစ်များပြုလုပ်နေကြောင်းနဲ့ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်၊ မကွေးတိုင်းထဲက နတ်ရေကန်ဗျူဟာ၊ပဲခူးတိုင်းထဲက ညောင်ကျိုးဗျူဟာကုန်းတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ AAက အောက်တိုဘာ ၁၀ရက်မှာ ထုတ်ပြန်ထားပါတယ်။

လေးမျက်နှာမြို့နယ်ကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

လက်ရှိမှာ လေးမျက်မြို့နယ်အပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲကည နတ်ရေကန်ဗျူဟာနဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့အနီးကညောင်ကျိုးဗျူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဒါ့အပြင် မကွေးတိုင်းနဲ့ပဲခူးတိုင်းထိစပ်ရာဒေသတွေမှာရှိနေတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေအနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ