■စစ်တပ်ကဖမ်းဆီးထားသူတွေကို နှိပ်စက်တာ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေရဲ့ သက်သေအထောက်အထားနဲ့ အမိန့်ပေးစေခိုင်းသူတွေကိုစုံစမ်းသိရှိထားပြီလို့ IIMM ပြော
နိုဝင်ဘာ-၁၊၂၀၂၅။People’s Spring
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုမိုဆိုးရွားလာနေပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နိုင်ငံအနှံ့မှာ ဆင်းရဲဒုက္ခတွေ ခံစားနေရကြောင်းကုလသမဂ္ဂ (UN)ကသတိပေးခဲ့ပါတယ်။
UNရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နစ်ကိုလက်စ်ကွမ်ဂျီယန်ကမြန်မာနိုင်ငံထဲမှာနိုင်ငံတကာ ရာဇဝတ်မှုမြောက်တဲ့ ဖြစ်စဉ်တွေဟာ အကြိမ်ရေ အရရော၊ ကြမ်းတမ်းပြင်းထန်မှုအရပါပိုမို အရှိန်အဟုန် မြင့်တက်လာနေကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
တိုင်းရင်းသား မျိုးနွယ်စုဝင်တွေဟာ အဲဒီ ထိခိုက်မှုတွေကိုအဆိုးဆုံးခံစားရလေ့ရှိကြောင်း၊ အာဏာသိမ်း စစ်တပ်ဟာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားတွေအပေါ် နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ကျူးလွန်တယ်ဆိုတဲ့ အထောက်အထားတွေလည်း IIMMက ရရှိထားကြောင်း သူက ဆိုပါတယ်။
ကျူးလွန်သူတွေရော၊အဲဒီစက်ဆုပ်စရာ လုပ်ရပ်တွေအတွက်အမိန့်ပေးခဲ့တဲ့စစ်ဦးစီးတွေကိုပါ IIMM က စုံစမ်း သိရှိထားပြီလို့လည်း ကွမ်ဂျီယန်က ပြောပါတယ်။
သူက စစ်တပ်ဟာ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့အဓိပ္ပါယ်နဲ့ကွပ်မျက်တာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့လည်းစွပ်စွဲပြီးအထူးသဖြင့်လေကြောင်းကနေဗုံးကြဲမှုတွေကို အရှိန်မြှင့် အသုံးပြုလာနေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
အာရက္ခတပ်တော် (AA)နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေရာ ရခိုင်ပြည်နယ်မှာတော့ ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မွတ်မှု ဘေးဆိုးတွေနဲ့ပါ ရုန်းကန်နေရကြောင်း သူက ဆိုပါတယ်။ IIMMဟာ ရခိုင်ပြည်နယ်ထဲမှာ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေ၊ ကွပ်မျက်မှု၊ မုဒိမ်းကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပိတ်ပင်တားဆီးမှု ဖြစ်စဉ်တွေကိုလည်း မှတ်တမ်းယူ စာရင်းပြုစုနေကြောင်း ကွမ်ဂျီယန်က အခုသီတင်းပတ် အစောပိုင်းကတုန်းက UN အထွေထွေ ညီလာခံ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ UN အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပိုပြီး ဆိုးရွားလာနေသလို လူပေါင်း၂၂ သန်းနီးပါးလောက်ဟာအရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။နောက်ပြီး ပြည်သူ ၁၆ သန်းလောက်ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
မတ်လတုန်းက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူတွေ ထောင်နဲ့ချီသေပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း၊ အဲဒီအချိန်မှာ စစ်တပ်ဟာ သဘာဝ ဘေးသင့် ပြည်သူတွေကို ကူညီမယ့်အစား အဆိုးရွားဆုံး လူသားရေးရာ အကျပ်အတည်းတစ်ခု ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့ခဲ့ကြောင်း အန်ဒရူးစ်က ပြောပါတယ်။ ပြည်သူတွေ အကျပ်ရိုက်နေတဲ့ အချိန်မှာ စစ်တပ်က လူသားချင်း စာနာမှု အကူအညီတွေကို ပိတ်ပင်တာ၊ အကူအညီပေးသူတွေကို ခြိမ်းခြောက်တာ၊ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ အတင်းအကျပ် ဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း ရေနစ်သူကို ဝါးကူထိုးခဲ့ကြောင်းသူကပြောခဲ့ပါတယ်။
ကွမ်ဂျီယန်က IIMMဟာ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ကျွမ်းကျင်သူတွေ အပါအဝင် ဝန်ထမ်းအင်အား သုံးပုံတစ်ပုံလောက်ကို လျှော့ချခဲ့ရပြီး အကျိုးဆက် အနေနဲ့ ပြစ်မှု ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ အပြစ်ပေးဖို့ နိုင်ငံတကာ အားထုတ်မှုတွေကို အားလျော့သွားစေနိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။မြန်မာနိုင်ငံက ပြည်သူတွေအတွက် ရှင်းရှင်းလင်းလင်းပေးပို့ဖို့ လိုအပ်တဲ့ သတင်းစကားကတော့ ကမ္ဘာကြီးဟာ အရပ်သားတွေအပေါ် ပြစ်မှု ကျူးလွန်နေတဲ့ ဖြစ်ရပ်တွေကို မျက်ကွယ် ပြုမထားဘူးဆိုတာ အသိပေးဖို့ဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ကလည်း စစ်တပ်က တစ်ဖက်သတ် ဆုံးဖြတ်ချက်နဲ့ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကြောင့်လည်း ပိုပြီး ကြမ်းတမ်းတဲ့ အခြေအနေတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။အတိုက်အခံအင်အားစုတွေကအဲဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ သတ်မှတ် ငြင်းဆိုထားကြောင်း၊ ရွေးကောက်ပွဲ တစ်ခုဟာ အကျိုးဆက်တွေကို ကြည့်ဖို့လိုအပ်ပြီး လူ့အသက်တွေ ပြုန်းတီးတဲ့ ဦးတည်မှုဆီ မသွားသင့်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: UN


















































