Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုတွေ တကွဲတပြားလုပ်နေရင် စစ်အာဏာရှင်အောက်ကလွတ်မြောက်ဖို့ မဖြစ်နိုင်ဟု KNUပြော

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးစားတိုက်ပွဲဝင်ကြရာမှာ တော်လှန်ရေး အင်အားစုတွေ စုစည်းညီညွတ်ဖို့လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားပါတယ်။

■စစ်ကောင်စီရွေးကောက်ပွဲအာဏာသိမ်းဘ၀မှ တရားဝင်အစိုးရဖြစ်အောင်ကြိုးပမ်းမှုဖြစ်၊စစ်ကောင်စီအပေါ် နိုင်ငံအချို့ရဲ့ပံ့ပိုးမှုသတိထားဖို့ သတိပေး

နိုဝင်ဘာ-၁၊ ၂၀၂၅။ထားမြတ်/People’s Spring

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးစားတိုက်ပွဲဝင်ကြရာမှာ တော်လှန်ရေး အင်အားစုတွေ စုစည်းညီညွတ်ဖို့လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားပါတယ်။

နိုဝင်ဘာ ၁ရက်ညပိုင်းမှာ ကျင်းပတဲ့ သံလွင်ကမ်ပိန်း ဖွင့်ပွဲအခမ်းအနားမှာ ပဒိုစောကလယ်စေးက တက်ရောက်အမှာစကား ပြောကြားရာမှာ အခုလို ပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

နိုင်ငံမှာ နယ်မြေဒေသ အသီးသီးဟာ စစ်အာဏာရှင်တွေရဲ့မတရားဖိနှိပ်အုပ်ချုပ်မှုကို ခံနေရတယ်လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။ ဒါကြောင့် တိုင်းရင်းသားအားလုံးနဲ့ ဒီမိုကရေစီ လိုလားသူတွေက စစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ဖို့ကြိုးစား တိုက်ပွဲဝင်နေကြောင်း အသိပေးပါတယ်။

“စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာက ကျနော်တို့ တတွေ စုစည်းညီညွတ်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ တကွဲတပြားနဲ့ လုပ်ဆောင်နေမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ စစ်အာဏာရှင်ဘ၀က လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားတဲ့ တန်းတူအခွင့်အရေးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ ညီအကိုတွေ စစ်အာဏာရှင်ကို ပိုပြီး တော်လှန်နိုင်တဲ့ အခြေအနေတခု ဖြစ်ပေးလာခဲ့တယ်လို့လည်း သူက ပြောပါတယ်။

တိုင်းရင်းသားညီအကိုတွေရဲ့ ခံစားချက်နဲ့အတူ မြိုကြီးပြကြီးရှိ ညီအကိုတွေလည်း တိုင်းရင်းသား နယ်မြေတွေရောက်ရှိလာပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ဖို့ စုစည်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ရဲ့ အခြေအနေဟာ စစ်ရေးအရ နိုင်ငံရေးအရ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ကျရှုံးခဲ့တာလို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ သူ့အခြေအနေကို သိရှိပြီး နိုင်ငံတကာထွက်အကူအညီတောင်းခံခဲ့ကြောင်း၊ စစ်ကောင်စီဟာ ၂၀၂၅မှာ အာဏာသိမ်းဘ၀ကနေ တရားဝင်အစိုးရ ဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အချို့သော နိုင်ငံတွေက ရွေးကောက်ပွဲလုပ်ဖို့ကို တိုက်တွန်းခဲ့ကြကြောင်း ပဒိုစောကလယ်စေးက ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ဆိုရင် ပြည်တွင်းထဲမှာ ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအင်အားစုရဲ့ တိုက်ခိုက်မှုဒဏ်ကို တွန်းလှန်နိုင်ဖို့အတွက် နိုင်ငံတကာရဲ့ သူတို့ကို တိုက်တွန်းတဲ့ နိုင်ငံတွေအပေါ် လက်နက် ငွေကြေး ထောက်ပံ့မှု ရရှိဖို့လိုအပ်တဲ့အပေါ်မှာ သူတို့ ကြိုးစားပြီး ရရှိထားတာဖြစ်တယ်။..။တချို့သောနိုင်ငံတွေရဲ့ ပံ့ပိုးမှုအပေါ် ကျနော်တို့ သေသေချာချာသတိထားဖို့ လိုပါတယ်။ ဒါက သူတို့ နိုင်ငံတကာရဲ့အားကို ရယူပြီး ကျနော်တို့ တော်လှန်ရေးကိုဖြိုခွင်းဖို့ ကြိုးစားတဲ့လုပ်ရပ်တွေဖြစ်တယ်”လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအဖွဲ့တွေဟာ ပြည်သူတွေရဲ့ အဓိက ပံ့ပိုးမှုနဲ့ တော်လှန်ရေးကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ကြိုးစားရာမှာလည်း ပြည်သူတွေရဲ့ ပံ့ပိုးပါဝင်မှု ပြည်သူလူထုအားကို အားထားလုပ်ဆောင်နေရတာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ ပါဝင်မှုကို များစွာ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

“ရှေ့ဆက်အနာဂတ်မှာလည်း ကျနော်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ ဘယ်သူ့ကိုမှ ဘယ်လူတန်းစားကိုမှ ဘယ်လူမျိုးကိုမှ အကျိုးမပေးတဲ့ စစ်အာဏာရှင်ပပျောက်ဖို့ ပြည်သူလူထုအင်အားနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး အတူတကွ တိုက်ပွဲဝင်သွားဖို့ လိုအပ်တယ်” လို့ ပဒိုစောကလယ်စေးက ပြောကြားပြီး သံလွင်ကမ်ပိန်းမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်ပါတယ်။

သံလွင်ကမ်ပိန်း ရည်ရွယ်ချက်ဟာ သံလွင်မြစ်ကြောင်းတစ်လျှောက်နဲ့ အခြားဒေသတွေမှာ နေထိုင်တဲ့ ပြည်သူလူထု တွေကို လေယာဉ်ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုတွေက အကာအကွယ်ပေးနိုင်ဖို့၊ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ လက်ပါးစေတပ်တွေရဲ့ လေယာဉ်နဲ့ ဒရုန်း ဝင်ရောက်စီးနင်း လာတဲ့နေရာတွေက ရှောင်ရှားနိုင်ဖို့၊ လိုအပ်တဲ့ နည်းပညာကို စွမ်းရည်မြှင့်ဖို့အတွက် အဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဒေသတွင်းလိုအပ်တဲ့ တည်ငြိမ်ရေးနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တည်ဆောက်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ကမ်ပိန်းက အသိပေးထားပါတယ်။

သံလွင်ကမ်ပိန်းရဲ့ ပစ်မှတ်ငွေပမာဏဟာ အနည်းဆုံး ထိုင်း ဘတ်ငွေ ငါးသန်း (၅,၀၀၀,၀၀၀) ရရှိဖို့ဖြစ်ပြီး ကမ်ပိန်းကာလကို နိုဝင်ဘာ ၁ရက်က ဒီဇင်ဘာ ၁၅ရက်အထိသတ်မှတ်ထားတာပါ။

ဆက်စပ်သတင်းများ