Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ စစ်တပ်က ကိုရင်ပါမချန် ပေါ်တာဆွဲ၊ တပတ်အတွင်း လူငယ် ၃၀ကျော်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ကိုရင်တွေပါမချန်ဘဲ ပေါ်တာဆွဲဖမ်းဆီးနေပြီး တပတ်အတွင်း လူငယ် ၃၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ-၃၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ကိုရင်တွေပါမချန်ဘဲ ပေါ်တာဆွဲဖမ်းဆီးနေပြီး တပတ်အတွင်း လူငယ် ၃၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာလကုန်ကစပြီး မြင်းခြံမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ အမှတ် (၁)ရပ်ကွက်၊ အမှတ်(၁၈)ဝန်ထမ်းကွက်သစ်၊ အမှတ် (၁၂)ရပ်ကွက်၊ အေးရွာ၊ သဲဖြူဝရွာ၊ ရွာစည်ရွာ၊ ဂျူပ္ပင်ရွာ၊ တောင်ပို့သာရွာတို့မှ လူငယ် ၃၆ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။

“ညနေ ၆နာရီကျော်တာနဲ့ ဘယ်သူမှမထွက်ရဲတော့ဘူး။ အလုပ်ပြန်တွေကအစ အများကြီးဆွဲတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံလိုက်ရသူတွေဟာ မြို့ပေါ်မှာသွားလာနေရင်း အဖမ်းခံရသူများလည်းရှိသလို အိမ်ထဲဝင်ဖမ်းခံရသူတွေလည်းရှိကြောင်း၊ ဖမ်းဆီးခံရတဲ့အရေအတွက်မှာ ကော်မတီမှ သတင်းမရလို့ ကျန်တာတွေလည်း ရှိနိုင်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။

ဒါ့အပြင် မြင်းခြံ-မြို့သာလမ်းမှာလည်း ကျေးရွာပြန်ကြတဲ့ မင်း​ကျောင်း​ဘုန်းကြီး​ကျောင်းတိုက်က သက်တော် ၁၈ နှစ်ဝန်းကျင် ကိုရင် ၄ ပါး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြင်းခြံမြို့ပေါ်ရပ်ကွက်များ၊မြင်းခြံမြို့နယ်အနောက်တောင်ဘက်အခြမ်းရှိကျေးရွာများမှာ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး လူငယ်ပိုင်းတွေ ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့ကြီးတွေမှာ တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးပြီး ပေါ်တာဆွဲဖမ်းဆီးဖို့စီစဥ်နေလို့ ပြည်သူတွေသတိထားသွားလာကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ